မကွေးတိုင်း ဆိပ်ဖြူမြို့နယ် ကာကွယ်ရေးပစ္စည်းစက်ရုံ (၂၂)မှတက်လာသည့် စစ်ကောင်စီ၏ Paramotor (၂)စီးကို တော်လှန်ရေးတပ်က ပစ်ခတ်ရာ မောင်နှင်သူ ထိမှန်ဒဏ်ရာရသည်ဟု မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။
လေယာဉ်အစား Paramotorများကို အသုံးပြုလာသည့် စစ်ကောင်စီ၏ Paramotor (၂)စီးကို (မြိုင်၊ပေါက်) ပကဖ စုဖွဲ့မှုတပ်က ယနေ့ ၂၀၂၅ခုနှစ် မတ်လ (၅)ရက်နေ့ နံနက်(၉)နာရီခွဲကျော်တွင် ပစ်ခတ်ရာ မောင်းနှင်သူတစ်ဦး၏ ပေါင်ကို ကျည်ထိမှန်သွားသည်ဟု မြိုင်-ပကဖ က ထုတ်ပြန်ထားခြင်းဖြစ်သည်။
အဆိုပါ Paramotor (၂)စီးအား ပစ်ခတ်ပြီးနောက် တစ်စီးမှာစက်လက်များဖြင့် ပြန်လည်ပစ်ခတ်ပြီး ကျန်တစ်စီးမှာ ကင်းထောက်သည့်ပုံစံဖြင့် ပျံဝဲနေကာ ဆက်လက်ပျံသန်းခြင်းမရှိတော့ဘဲ ဆိပ်ဖြူမြိုနယ် ကာကွယ်ရေးပစ္စည်းစက်ရုံအတွင်းသို့ ပြန်လည်ဆင်းသက်သွားသည်ဟု ဆိုသည်။
လက်ရှိတွင် စစ်ကောင်စီသည် မြန်မာနိုင်ငံတဝှမ်းလုံးကို လေကြောင်းအသုံးပြုတိုက်ခိုက်မှု ပိုမိုလုပ်လုပ်ဆောင်နေသဖြင့် အရပ်သားထိခိုက်သေဆုံးသူဦးရေ တိုးလာနေသည်။
လက်ရှိတွင်လည်း မြိုင်နှင့် ပေါက်မြို့နယ်ရှိ ရေနံမှော်နှင့် အနီးဝန်းကျင်ကျေးရွာများကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်လုပ်နေ၍ အရပ်သားထိခိုက်သေဆုံးမှုများသည်။
ထို့ကြောင့် ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်များက လေကြောင်းရန်ကာကွယ်ရေးအစီအစဉ်များ ချမှတ်နေသည်ကို တွေ့ရသည်။
စစ်ကောင်စီတပ်၏ ယခုရက်ပိုင်းအတွင်း မြိုင်မြို့နယ်သို့ အဆိုးဆုံးလေကြောင်းတိုက်ခိုက်မှုမှာ ကျောက်ခွက်ရေနံမှော်အနီးရှိ ပေါက်မြို့နယ် ဆုံကုန်းရွာဘုန်းကြီးကျောင်းတွင် ဖေဖော်ဝါရီလ(၂၅)ရက်နေ့က ပြုလုပ်သော မင်္ဂလာပွဲအား လေကြောင်းတိုက်ခိုက်မှုဖြစ်ပြီး အရပ်သား(၁၂)ဦးသေဆုံး၍ လူ(၂၀)ကျော် ဒဏ်ရာရရှိခဲ့သည်။
ထို့အပြင် ပေါက်မြို့နယ်တွင် ဖေဖော်ဝါရီအတွင်း စစ်ကောင်စီ၏ အင်ဂျင်တပ်လေထီးဖြင့် တိုက်ခိုက်မှုအပါ လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် အရပ်သား(၁၇)ဦးသေဆုံးခဲ့ရသည်ဟု NUG ပေါက်မြို့နယ် လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲရေးဌာနက ထုတ်ပြန်ထားသည်။
ပေါက်နှင့် မြိုင်မြို့အစပ် ကျေးရွာများကို စစ်ကောင်စီတပ်က ဖေဖော်ဝါရီလ နောက်ဆုံးပတ်မှစတင်၍ လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သား(၂၇)ဦး သေဆုံးပြီး ဒေသခံများလည်း ထွက်ပြေးတိမ်းရှောင်နေရသည်။
#TachileikNewsAgency
Video: မြိုင်-ပကဖ