စစ်ကောင်စီတွင် နိုင်ငံရေးပြဿနာကို ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေး အဖြေရှာရန် မူဝါဒမရှိသေးဟု ဦးခိုင်သုခ တုန့်ပြန်

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ကျောက်နီမော်ရွာအား လေကြောင်းတိုက်ခိုက်မှုသည် စစ်ကောင်စီတွင် နိုင်ငံရေးပြဿနာကို ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေး အဖြေရှာရန် မူဝါဒမရှိသေးသည်ကို ရှင်းရှင်းလင်းလင်းဖော်ပြနေသည်ဟု အာရက္ခတပ်တော်(AA)၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောဆိုလိုက်သည်။

ကျောက်နီမော်ရွာအား စစ်ကောင်စီတပ်က ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၈)ရက်နေ့ နေ့လယ်ပိုင်းတွင် ဗုံးကြဲချရာ အရပ်သား (၄၁)ဦး သေဆုံးပြီး (၅၂)ဦး ဒဏ်ရာရရှိခဲ့သည့်ဖြစ်စဉ်နှင့်ပတ်သက်ပြီး ယင်းသို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။

“ဘာတိုက်ပွဲမှမရှိဘဲ တည်ငြိမ်အေးချမ်းတဲ့နေရာက အရပ်သားပစ်မှတ်တွေကို ရည်ရွယ်ချက်ရှိရှိနဲ့ ပစ်ခတ် သတ်ဖြတ် မီးလောင်တိုက်သွင်းပစ်တဲ့ ဒီအကြမ်းဖက် ဖက်ဆစ်စစ်ကောင်စီရဲ့လုပ်ရပ်ဟာ အထူးယုတ်မာ ရက်စက် သူရဲဘောကြောင်သူတွေရဲ့ လူမဆန်တဲ့လုပ်ရပ်ဖြစ်ပါတယ်။ ဒါဟာ ဆိုးရွားတဲ့ စစ်ရာဇတ်မှုဖြစ်သလို ဂျနီဗာကွန်ဗင်းရှင်းကိုလည်း ပြောင်ပြောင်တင်းတင်း ချိုးဖောက်တာဖြစ်ပါတယ်။ နောက်တစ်ခုကတော့ အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီရဲ့ ဒီဆိုးရွားတဲ့ အကြမ်းဖက်မှု စစ်ရာဇဝတ်မှုတွေကို ဆက်တိုက်ကျူးလွန်မှုတွေကိုကြည့်ရင် သူတို့ ဖက်ဆစ်စစ်ခေါင်းဆောင်တွေဘက်မှာ နိုင်ငံရေးပြဿနာကို ငြိမ်းချမ်းစွာတွေ့ဆုံဆွေးနွေး အဖြေရှာဖို့ မူဝါဒမရှိသေးဘူးဆိုတာ ရှင်းရှင်းလင်းလင်းဖော်ပြနေတာဖြစ်ပါတယ်။”ဟု ဦးခိုင်သုခက Tachileik News Agency ကို ပြောသည်။

စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသူအများစုမှာ အစ္စလာမ်ဘာသာဝင်များဖြစ်ကြပြီး ကလေးငယ်များ၊ သက်ကြီး ပိုင်းများ အများစုပါဝင်ကာ ရုပ်အလောင်းအများသည် မီးလောင်ပျက်စီး၍ ရုပ်ပျက်ဆင်းပျက်ဖြစ်ပြီး တချို့အလောင်းများအား ကောက်ယူရန်ပင် မလွယ်ကူဖြစ်သွားသည်ဟု ဒေသခံများက ပြောဆိုထားသည်။ 

အာရက္ခတပ်တော်(AA)သည် ပလက်ဝမြို့နယ်အပါအဝင် မြို့နယ်(၁၅)မြို့နယ်ကို သိမ်းပိုက်ထိန်းချုပ်ပြီးနောက် စစ်ကောင်စီနှင့် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန်အသင့်ရှိကြောင်း  ၂၀၂၄ခုနှစ် ဒီဇင်ဘာလ(၂၉)ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ 

AA ၏ ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံ၏ ပြည်တွင်းရေး အခင်းအကျင်း၊ အဖြစ်အပျက်များကို စစ်ရေးနှင့် ဖြေရှင်းသည်ထက် နိုင်ငံရေးနည်းလမ်းများဖြင့် ဖြေရှင်းရန် အမြဲတမ်းအသင့်ရှိကြောင်း ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် အာရက္ခတပ်တော်သည် ရခိုင်ပြည်နယ်အတွင်းရှိ စစ်တွေ၊ မန်အောင်၊ ကျောက်ဖြူမြို့တို့ကိုသာ တိုက်ခိုက်သိမ်းပိုက်ရန် ကျန်ရှိတော့ခြင်းဖြစ်သည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ယနေ့ကျရောက်သော ကချင်ပြည်နယ်နေ့အတွက် သဝဏ်လွှာတွင် ငြိမ်းချမ်းစွာဖြင့် ဒီမိုကရေစီနှင့် လွှတ်တော်လမ်းကြောင်းပေါ်သို့ရောက်ရှိအောင် ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုအပ်ပြီး သို့မှသာ နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းနှင့် ဖြေရှင်းနိုင်မည်ဖြစ်သည်ဟု ပြောဆိုသော်လည်း မြေပြင်တွင်မူ နေ့စဉ်ဗုံးကြဲတိုက်ခိုက်နေသည်။

#TachileikNewsAgency

#TNA_MAT