တနင်္သာရီမြို့နယ်အတွင်းရှိ ဆင်ခေါင်းကျေးရွာနှင့် ဘန်လောကျေးရွာတို့အား စစ်ကောင်စီမှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်

တနင်္သာရီတိုင်း မြိတ်ခရိုင် တနင်္သာရီမြို့နယ်အတွင်းရှိ ဆင်ခေါင်းကျေးရွာနှင့် ဘန်လောကျေးရွာတို့အား စစ်ကောင်စီမှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ကြောင်း မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း (၁) ထံမှ သိရသည်။

၂၀၂၄ ခုနှစ် ဩဂုတ်လ (၂၂)ရက်နေ့ နေ့လယ် (၁၂)နာရီခွဲအချိန်ခန့်တွင် စစ်ကောင်စီမှ K-8W Jet Fighter အမျိုးအစား တိုက်လေယာဉ်ကိုအသုံးပြုပြီး တနင်္သာရီမြို့နယ် ဆင်ခေါင်းကျေးရွာရှိ ဘုရားတောင်ကို ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို့နောက် ညနေ (၃)နာရီခွဲအချိန်ခန့်တွင်လည်း စစ်ကောင်စီမှ တနင်္သာရီမြို့နယ် ဘန်လောကျေးရွာရှိ စာသင်ကျောင်းကို တိုက်လေယာဉ်ဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူများ မရှိသော်လည်း ပြည်သူများနေထိုင်ရာ နေအိမ်တချို့ ပျက်စီးခဲ့ကြောင်း သိရသည်။

ယခုရက်ပိုင်းအတွင်း စစ်ကောင်စီမှ ပြည်သူများနေထိုင်ရာ ကျေးရွာများ၊ စာသင်ကျောင်းများနှင့် ဘာသာရေးအဆောက်အဦးများအား ပစ်မှတ်ထားပြီး လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေသဖြင့် ကျေးရွာနေပြည်သူများ သတိပြုကြရန် မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း (၁)က အသိပေးထားသည်။

#TachileikNewsAgency

Video: မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း-၁