စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ် နဘက်ကြီးကျေးရွာအုပ်စုအတွင်း လှည့်လည်ဖမ်းဆီးရေးလုပ်ရာတွင် အာဏာသိမ်းစစ်တပ် စခန်းချအသုံးပြုလေ့ရှိသည့် နဘက်ကြီးရဲကင်းစခန်းကို ၂၀၂၁ ခုနှစ် အောက်တိုဘာလ (၁၉) ရက်နေ့ နံနက်အစောပိုင်းက တတိယအကြိမ် ထပ်မံမီးရှို့ခံရသည်ဟု သိရသည်။
အဆိုပါရဲကင်းစခန်းကို အောက်တိုဘာလ (၁၈) ရက်နေ့က မီးရှို့စဉ်က ကျန်ခဲ့သည့်အဆောက်အဦများရှိနေ၍ အာဏာသိမ်းစစ်တပ်ထပ်မံလာရောက် အသုံးပြုနိုင်ခြင်းမရှိစေရန် ထပ်မံမီးရှို့လိုက်ခြင်းဖြစ်သည်ဟု သိရသည်။
အာဏာသိမ်းအဖွဲ့၏ စစ်တပ်နှင့်ရဲပူးပေါင်းအဖွဲ့က တန့်ဆည်မြို့နယ်အတွင်း အာဏာသိမ်းမှုကို ဆန့်ကျင်သူများအား လိုက်လံရှာဖွေဖမ်းဆီးခြင်း၊ ကျေးရွာအချို့အား ဝင်ရောက်မွှေနှောက်ဖျက်ဆီးခြင်းများ ပြုလုပ်နေပြီး အောက်တိုဘာလ (၁၇ )ရက်နေ့က ကာပေါင်းကျကျေးရွာအား (၉) ကြိမ်မြောက်အဖြစ် ထပ်မံဝင်ရောက်ဖျက်ဆီးခြင်း ပြုလုပ်ခဲ့ပြီးနောက် နဘက်ကြီးရဲကင်းစခန်း မီးရှို့ခံလိုက်ရခြင်းဖြစ်သည်။
Video: TSO