ဒီးမော့ဆိုမြို့နယ်အတွင်း PDF နှင့် အာဏာသိမ်းစစ်ကောင်စီတို့၏ (၆)မိုင်တိုက်ပွဲ 

ကယား(ကရင်နီ)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ စံပြ (၆)မိုင်ကျေးရွာအနီး လွိုင်ကော် - ဒီးမော့ဆိုလမ်းမကြီးပေါ်တွင် ၂၀၂၁ ခုနှစ်၊ မေလ (၂၃) ရက်နေ့ နေ့လယ်ပိုင်းမှစ၍ ပြည်သူ့ကာကွယ်ရေးတပ်- PDF နှင့် အာဏာသိမ်းစစ်ကောင်စီ၏တပ်များ တိုက်ပွဲမှာ ညပိုင်းအထိ ဆက်လက်တိုက်ခိုက်နေကြဆဲဖြစ်ပြီး စစ်ကောင်စီဖက်က အကျအဆုံးများနေသည်ဟု ခန့်မှန်းထားသည်။

" ကျွန်တော်တို့တိုက်နေတာ (၃)နာရီ နီးပါးရှိပြီ။ သူတို့ လာတာ အင်အား(၃၀)လောက်ပါတယ်။ ငွေတောင်ဖက်က လာတာ ။ အခုချိန်ထိဆို သူတို့ဖက်က စနိုက်ပါ သမားနဲ့ စလိုက်ပစ်တဲ့ကောင်တွေပဲ ကျန်တယ်။ တိုက်ပွဲကတော့ မပြီးသေးဘူး။"ဟု PDF အဖွဲ့ဝင်တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ အတည်ပြုပြောကြားသည်။ 

တိုက်ပွဲမှာ (၃) နာရီကျော်လာပြီဖြစ်ပြီး အာဏာသိမ်းစစ်ကောင်စီဘက်မှ (၃၀)ကျော်မှာ လက်ရှိအချိန်တွင် ဆယ်ဂဏန်းအောက်လျော့နေပြီဟု ခန့်မှန်းထားရပြီး အင်အားဖြည့်ရန် စစ်ကောင်စီဘက်မှ သံချပ်ကာအမြောက်ကား (၄) စီးလွိုင်ကော်မှ ဒီးမော့ဆိုဘက်သို့ လာနေကြောင်း သိရသည်။

ပြည်သူ့ကာကွယ်ရေးတပ်နှင့် စစ်ကောင်စီတပ်တို့တိုက်ပွဲ ဖြစ်ပွားနေသည့် (၃)နာရီအတွင်း ကျေးရွာအခြေစိုက်သည့် အမှတ်(၁၀၂)တပ်ရင်းဖက်မှလည်း လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်နေခြင်းဖြစ်သည်။

ဗီဒီယိုအညွှန်း - မေလ(၂၃)ရက်နေ့ နေ့လည်ပိုင်း (၆)မိုင်တိုက်ပွဲ

 

#TachileikNewsAgency

VDO: Khu PhenBu Blesxing