“ကားပေါ်မှာက ကားသမားအပါအဝင် (၆)ယောက်ပါတယ်လို့ သိရတယ်။ ပြောတာကြားတာကတော့ ကားသမားနဲ့ အမျိုးသမီးတစ်ယောက်က ရေကူးပြီး ကမ်းပေါ်တက်လာနိုင်တယ်တဲ့။ ပြန်ပြီးထွက်လာနိုင်တဲ့အမျိုးသမီးကိုတော့ မူဆယ်ဆေးရုံကို သဒ္ဒါဖြူစင်လူမှုကူညီရေးအသင်းကားနဲ့ပို့လိုက်ပြီ။ ကားသမားကတော့ ရေကူးပြီးထွက်ပြေးပြီလား ဘာလားမသိဘူး။ မူဆယ်စခန်းကတော့ ဆက်လုပ်နေတယ်။ မြစ်ထဲပါသွားတာက အမျိုးသမီး (၃)ယောက်နဲ့ ကလေး (၁)ယောက်။ ကျွန်တော်တို့ကတော့ သတင်းကြားတာနဲ့ စက်လှေနဲ့ ဒီဘက်ကမ်းမန့်ဟီးရိုးကနေ ဟိုဘက်ကမ်းကူးပြီး ကယ်ဆယ်ရေးလုပ်ပေးရတာ။ ဖြစ်တဲ့အချိန်နဲ့ ကျွန်တော်ရောက်တဲ့အချိန်က (၁၅)မိနစ်လောက် ဟသွားပြီ။ ကားရေထဲကျတယ်ကြားတော့ ကျွန်တော်တို့ ဒီဘက် မန့်ဟီးရိုးလူငယ်အဖွဲ့တွေစု၊ ရေငုပ်ကျွမ်းကျင်တဲ့ကလေးတွေခေါ်၊ ဆယ်လန့်ဘက်က အုပ်ချုပ်ရေးမှူးလှမ်းပြောပြီး ရေကူးကျွမ်းကျင်တဲ့ ဆယ်လန့်ဘက်က ကလေးတွေခေါ်ပြီး သွားကြတာ။ ဟိုမှာ သံချိတ်တွေချပြီးတော့ ပဲ့ထောင်နဲ့လိုက်တိုက်ဆွဲ၊ ချိတ်မိတော့မှ ကလေးတွေက ရေငုပ်ပြီး ကားဟုတ်၊ မဟုတ် အတည်ပြုရတယ်။ ကားဟုတ်တယ်ဆိုမှ သံချိတ်တွေနဲ့ ရေငုပ်ပြီး ကားကိုချိတ်ပြီး ဆွဲတင်ရတာ။ ကားပေါ်မှာကျန်ခဲ့တဲ့ အမျိုးသမီး (၃)ယောက်နဲ့ ကလေး(၁)ယောက်မှာ ကားနဲ့အတူ အမျိုးသမီး (၃)ယောက် ပါလာတယ်။ ကလေး (၁)ယောက်တော့ ကားပေါ်မှာ မတွေ့ဘူး။ ခုချိန်ထိတော့ ရှာမတွေ့သေးဘူး။ ရှာနေကြတုန်းပဲ။ ကလေးကတော့ မူကြိုတက်နေတာလို့ သိရတယ်။ “
“ဒါက ကျွန်တော့်အပိုင်တော့မဟုတ်ဘူး။ မူဆယ်မြို့မရဲစခန်းအပိုင်ပေါ့နော်။ ကျွန်တော်တို့က သတင်းကြားတော့ ဝိုင်းကူညီဖို့ရောက်သွားတာပေါ့။ အဲဒီမှာ မျက်မြင်တွေ့တဲ့သူတွေအပြောကတော့ သူက အရှေ့မှာရှိတဲ့ ကား (၃)စီးကို ကျော်တက်လိုက်တာမှာ ရွှေလီမြစ်ထဲကို ထိုးကျသွားတာလို့ ပြောကြတယ်။ သူ့ရှေ့က ကား (၃)စီးမှာ ရှေ့ဆုံး (၁) စီးက ရွှေလီမြစ်ကမ်းနဖူးမှာ မေးတင်ထားပြီးပြီ။ သူ့နောက်မှာ ကား (၂)စီးရှိတယ်။ အဲဒီ ကား (၂)စီးနောက်မှာမှ အခုမြစ်ထဲထိုးကျတဲ့ကားရှိတာ။ ဘာအတွက် ကျော်တက်တယ်ဆိုတာတော့ ကျွန်တော်တို့ မသိသလို ကားသမားလည်း မတွေ့လိုက်တော့ မမေးလိုက်နိုင်ဘူး။”
ဟု မန့်ဟီးရိုးနယ်မြေစခန်းမှူး ရဲအုပ် တင်အောင်စိုးက ပြောသည်။
~~~~~~~ ကြော်ငြာ ~~~~~~