တာချီလိတ်တွင် Mask မတပ်ဘဲ အပြင်ထွက်သူများ ချက်ချင်း Mask ဝယ်၍ တပ်ဆင်စေသည့် စနစ်ဖြင့် COVID 19 ကာကွယ်ရေး ကြပ်မတ်မည်
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် နေအိမ်ပြင်ပသွားလာပါက နှာခေါင်းစည်း (Mask) မဖြစ်မနေတပ်ဆင်ရန်နှင့် နှာခေါင်းစည်းမပါသူများ ချက်ချင်းဝယ်ယူတပ်ဆင်စေသည့် စနစ်ဖြင့် ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၁၁) ရက်နေ့မှ စတင်ကာ စစ်ဆေးကြပ်မတ်မည်ဖြစ်သည်။
“မနက်ဖြန်ကစပြီး အဖွဲ့ (၃) ဖွဲ့နဲ့စစ်ဆေးမယ်။ Mask မပါလာဘူးဆိုရင် ဝယ်တပ်ခိုင်းမယ်။ ဝယ်ဖို့ပိုက်ဆံမပါဘူးဆိုရင် ပြန်လှည့်ခိုင်းမယ်။ Mask မပါလို့ဒဏ်ကြေးဆောင်ခိုင်းတဲ့ ကိစ္စတော့ မလုပ်သေးဘူး။ Mask ဝေမယ့်အဖွဲ့တွေကလည်းရှိတယ်။ ပါတီတွေကလည်း Mask တွေဝေဖို့ရှိနေတဲ့အတွက် သူတို့ဝေမယ်ဆိုရင်ခွင့်ပြုတယ်”ဟု တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။
မြန်မာနိုင်ငံတွင် COVID-19 ပြည်တွင်းကူးစက်မှု အများအပြားတွေ့နေရပြီး အတည်ပြုလူနာ ထက်ဝက်ကျော်မှာ အမြင်အားဖြင့် ရောဂါလက္ခဏာတစ်စုံတစ်ရာမပြဘဲ နေကောင်းကျန်းမာစွာဖြင့်ရှိနေသူများဖြစ်ကြောင်းသိရသည်။
သို့သော် လက်ရှိပြည်တွင်း၌ တွေ့ရသည့် COVID 19 ပိုးသည် မျိုးဗီဇပြောင်းလဲနေပြီး အလွန်လျင်မြန်သည့်နှုန်းဖြင့် ကူးစက်နေသည့်အတွက် သာမန်အားဖြင့်ကျန်းမာသည်ဟုထင်ရသည့် ရောဂါပိုးသယ်ဆောင်ထားသူထံမှ အခြားသူများထံ ကူးစက်စေနိုင်သဖြင့် လူစုလူဝေးရှောင်ရန်၊ တစ်ဦးနှင့်တစ်ဦး အနည်းဆုံး (၆)ပေအကွာမှ နေထိုင်သွားလာကြရန်နှင့် မဖြစ်မနေအပြင်ထွက်ရပါက နှာခေါင်းစည်း (Mask) တပ်ဆင်ကြရန် ကျန်းမာရေးက သတိပေးထားခြင်းဖြစ်သည်။
Tachileik News Agency