စစ်ဆေးရေးဂိတ်တွင် စစ်ဆေးမခံဘဲ မောင်းပြေးသည့်ယာဉ်ပေါ်က ဘင်္ဂါလီ (၁၀)ဦး ဖမ်းမိ
မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့ရှိ ဧရာဝတီတံတား (မကွေး) မင်းဘူးဘက်ခြမ်းရှိ စစ်ဆေးရေးဂိတ်တွင် ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၈) ရက်နေ့ နံနက်ပိုင်းက စစ်ဆေးမခံဘဲ မောင်းပြေးသွားသည့် မော်တော်ယာဉ်ကို လိုက်လံဖမ်းဆီးရာ နိုင်ငံသားအထောက်အထားမရှိသည့် ဘင်္ဂါလီ (၁၀)ဦးကို ဖမ်းမိကြောင်း သိရသည်။
ဧရာဝတီတံတား (မကွေး) မင်းဘူးဘက်ခြမ်းရှိ တိုးဂိတ်တွင် မင်းဘူးမြို့မရဲစခန်းမှ ဒုရဲအုပ် ဇင်လင်းထိုက် ဦးစီးအဖွဲ့က ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့်အတူ မြို့အဝင်/အထွက် ပိတ်ဆို့ရှာဖွေစစ်ဆေးနေစဉ် မင်းလှမြို့ဘက်မှ မောင်းနှင်လာသည့် PROBOX အနက်ရောင်ယာဉ်အား စစ်ဆေးရန် ရပ်တန့်စေရာ အဆိုပါယာဉ်မှာ ရပ်တန့်ပေးခြင်းမရှိဘဲ မင်းလှမြို့ဘက်သို့ ပြန်လှည့်ကွေ့၍ ထွက်ပြေးမောင်းနှင်သွားခဲ့ကြောင်း သိရသည်။
“အဲဒီကားက ရဲတပ်ဖွဲ့ကိုမြင်တာနဲ့ ပြန်လှည့်မောင်းပြေးသွားပြီး ရွှေရောင်တော်နဲ့ ကျွဲသိုးမြောင်ကြားက မင်းလှ-မင်းဘူး ကားလမ်းဘေးမှာ ဘင်္ဂါလီ(၁၀)ယောက်ကို ချထားခဲ့တာ။ ကားကိုတော့ လိုက်လံစုံစမ်းနေဆဲပါ”ဟု မင်းဘူးမြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် ကျော်ငြိမ်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
မင်းဘူးမြို့တောင်ဘက်၊ ကျွဲသိုးမြောင်ကျေးရွာအနီးတွင် ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၈) ရက်နေ့ နံနက် (၅)နာရီခွဲ၌တွေ့ရသည့် ဘင်္ဂါလီ အမျိုးသား (၇)ဦးနှင့် အမျိုးသမီး (၃)ဦး စုစုပေါင်း(၁၀)ဦးကို မင်းဘူးမြို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနက စစ်ဆေးရာ နိုင်ငံသားအထောက်အထားမရှိဘဲ တရားမဝင် ဝင်ရောက်လာသည်ကို စစ်ဆေးတွေ့ရခြင်းဖြစ်ကြောင်း သိရသည်။
တရားမဝင် ဝင်ရောက်လာသူ (၁၀)ဦးကို မင်းဘူးမြို့မရဲစခန်းတွင် ၁၉၄၉ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေးအက်ဥပဒေဖြင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
Tachileik News Agency
သတင်း - ဖီးနစ်
ဓာတ်ပုံ - ရဲစခန်း