မန္တလေးမြို့တွင် ကလေးကစားကွင်းအမည်ခံ အကြွေစေ့ဂိမ်းလောင်းကစားဖွင့်လှစ်သည့် ပိုင်ရှင်၊ ဝန်ထမ်းနှင့် လောင်းကစားပြုလုပ်သူ စုစုပေါင်း (၃၁) ဦးကို ဂိမ်းစက် (၉၂)လုံး၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၂၇)ရက်နေ့၌ ဖမ်းဆီးရမိလိုက်ကြောင်း သိရသည်။
Happy Time World အမည်ဖြင့် ဖွင့်လှစ်ထားသည့် ကလေးကစားကွင်းတွင် အကြွေစေ့ လောင်းကစားခုံများလည်း ဖွင့်လှစ်ထားကြောင်း သတင်းအရ သက်ဆိုင်ရာရဲတပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာလ (၂၇) ရက်နေ့ ည(၆)နာရီခွဲအချိန်က ဝင်ရောက်ရှာဖွေခြင်းဖြစ်ကြောင်း သိရသည်။
Happy Time World ဆိုင်ဖွင့်လှစ်ထားသည့် အဆောက်အဦ၏ မြေညီထပ်၊ ပထမထပ်၊ ဒုတိယထပ်၊ စတုတ္ထထပ်ရှိ အခန်းများအတွင်းမှ အကြွေစေ့လောင်းကစားစက်မျိုးစုံ (၉၂) လုံးနှင့် ဆက်စပ်ပစ္စည်းများ၊ ကွန်ပျူတာ (၃) လုံး၊လက်ကိုင်ဖုန်းမျိုးစုံ (၁၉)လုံး၊ လောင်းကြေးငွေ (၇,၉၃၀,၉၅ဝ) ကျပ်အား လောင်းကစားပြုလုပ်နေသူ (၂၃)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဂိမ်းစက်များပြုပြင် ထိန်းသိမ်းသည့် ဧည့်နိုင်ငံသား တရုတ်အမျိုးသားတစ်ဦးအပါအဝင် ဆိုင်ဝန်ထမ်း အမျိုးသား၊ အမျိုးသမီး (၇)ဦးနှင့် လောင်းကစားရုံပိုင်ရှင် ပိုင်ရှင် အသက် (၃၈)နှစ်အရွယ် ဆန်းအောင် (ခ) မောင်ဆန်းကိုပါ ဖမ်းဆီးရမိထားကြောင်း သိရသည်။
ဖမ်းဆီးရမိထားသူ (၃၁)ဦးကို ချမ်းအေးသာစံမြို့နယ် အမှတ်(၈) မြို့မရဲစခန်းတွင် (ပ)၇၂၅/၂၀၁၉၊ လောင်းကစားဥပဒေပုဒ်မ ၁၆(က)/ ၁၇(က)ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။
Tachileik News Agency
ဓါတ်ပုံ - မန္တလေးရဲတပ်ဖွဲ့