ထိုင်းနိုင်ငံ၏ အနိမ့်ဆုံးလုပ်အားခ တစ်နေ့လျှင် ၅ ဘတ်မှ ၆ ဘတ်အထိ ၂၀၂၀ တွင် တိုးမြှင့်ပေးမည်

ထိုင်းနိုင်ငံ၏ အနိမ့်ဆုံးလုပ်အားခ တစ်နေ့လျှင် ၅ ဘတ်မှ ၆ ဘတ်အထိ ၂၀၂၀ တွင် တိုးမြှင့်ပေးမည်
ဒီဇင်ဘာ 8, 2019
By Tachileik News Agency
 
အရောင်းများဖြင့် ပြထားသည့် နံပါတ်များမှ ဒေသအလိုက် တိုးမြှင့်ပေးမည့် လုပ်အားခများဖြစ်သည် 

ထိုင်းနိုင်ငံတွင် အနိမ့်ဆုံးလုပ်အားခကို ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလမှစ၍ ဒေသအလိုက် (၅)ဘတ်မှ (၆)ဘတ်အထိ တိုးမြှင့်သွားရန် ပြင်ဆင်နေပြီး တစ်နေ့လျှင် အနိမ့်ဆုံးလုပ်အားခ (၃၁၅)ဘတ်မှ (၃၂၀)ဘတ်အထိ ရရှိလာမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံတိုးတက်မှုနှင့် စီးပွားရေးမြှင့်တင်နိုင်ရန် အနိမ့်ဆုံးလုပ်အားခများ တိုးမြှင့်ပေးနိုင်ရန် ထိုင်းနိုင်ငံလုပ်အားခ ကော်မတီက ညှိနှိုင်းသတ်မှတ်ပေးခဲ့ရာ နေ့စားလုပ်အားခ (၃၀၈)ဘတ် ရနေသည့်ဒေသများတွင် (၃၃၀)ဘတ်သို့ လည်းကောင်း၊ (၃၁၃)ဘတ်ရနေသည့် ဒေသများတွင် (၃၃၆)ဘတ်အထိ တိုးမြှင့်မည်ဟု အလုပ်သမားဝန်ကြီးဌာနက ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၆) ရက်နေ့တွင် ကြေညာသည်။

နေထိုင်စရိတ်မြင့်မားသည့်ဒေသများဖြစ်သည့် ဘန်ကောက်၊ ချွန်ဘူရီ၊ ဖူးခက်၊ ပရာချင်ဘူရီ၊ ဆမုပရာကန်နှင့် ဆမုဆခွန် ဒေသများတွင် လုပ်အားခ (၆) ဘတ် တိုးမြှင့်ပေးမည်ဖြစ်ပြီး ကျန်ဒေသများတွင် လက်ရှိလုပ်အားခထက် (၅)ဘတ် တိုးမြှင့်ပေးမည်ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင် အနိမ့်ဆုံးလုပ်အားခကို တိုးမြှင့်မပေးသည်မှာ (၂)နှစ်ကြာပြီဖြစ်၍ အလုပ်သမားများနှင့် လုပ်ငန်းရှင်များ နှစ်ဖက်လုံးပြေလည်စေမည့် နှုန်းထားကို တိုးမြှင့်သတ်မှတ်လိုက်ခြင်းဖြစ်သည်ဟု လုပ်အားခကော်မတီက ၂၀၁၉ ခုနှစ်တွင် ပြင်ဆင်သတ်မှတ်ပေးလိုက်ခြင်းဖြစ်ပြီး ကျွမ်းကျင်လုပ်သားများအတွက် အနိမ့်ဆုံးနေ့စားလုပ်အားခနှင့်ပတ်သက်၍လည်း ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၉)ရက်နေ့တွင် ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
Ref: Bangkok Post



~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~