ကယားပြည်နယ် လွိုင်ကော်လေဆိပ်တွင် ဝူဟန်အဆုပ်ရောင်ရောဂါ ကာကွယ်ရေးစောင့်ကြည့်စစ်ဆေးမှုများ စတင်ဆောင်ရွက်
ကယားပြည်နယ် လွိုင်ကော်လေဆိပ်တွင် ဝူဟန်အဆုတ်ရောင်ရောဂါ (ကော်ရိုနာဗိုင်းရပ်စ်) ကာကွယ်ရေး အတွက် စောင့်ကြည့်စစ်ဆေးမှုများကို ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၂၉)ရက်နေ့၌ စတင်လိုက်ပြီး လွိုင်ကော်ပြည်သူ့ဆေးရုံတွင် အထူးကြပ်မတ် ကုသခန်းများကိုလည်း ပြင်ဆင်ထားကြောင်း သိရသည်။
လွိုင်ကော်လေဆိပ်မှ ဝင်ထွက်သွားလာကြမည့် နိုင်ငံခြားသားခရီးသွားများ အပြင် ပြည်ပမှပြန်လည်ဝင်ရောက်လာသည့် နိုင်ငံသားများအား ဝူဟန်အဆုပ်ရောင်ဂါ လက္ခာများသံသယဖြစ်ဖွယ်ရာ ရှိမရှိကို ကိုယ်အပူရှိန်တိုင်းတာသည့် စက်ကိရိယာအားအသုံးပြု၍ နေ့စဉ်စောင့်ကြည့် စစ်ဆေးမှုများ နေ့စဉ် ပြုလုပ်သွားမှာဖြစ်ကြောင်း ကယားပြည်နယ် ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာန မှပြောကြားထားသည်။
"ကျွန်တော်တို့ ခုစပြီးတော့ လေဆိပ်ကနေဝင်လာတဲ့ နိုင်ငံခြားသားတွေ ကိုယ့်နိုင်ငံကနေ တစ်ခြားနိုင်ငံကို သွားတဲ့သူတွေကိုရော ရန်ကုန်လေဆိပ်မှာလို ဖြတ်သွားတာနဲ့ ကိုယ်အပူချိန်ကိုသိနိုင်တဲ့ စက်မျိုးမရှိပေမဲ့ ကျွန်တော်တို့က သာမန်တစ်ပေခွဲအကွာလောက်ကနေ တိုင်းတာနိုင်တဲ့ အပူချိန်တိုင်းတဲ့ကိရိယာနဲ့ တိုင်းပါမယ်။ ဖျားတဲ့နာတဲ့သူ သံယဖြစ်စရာတွေ့ရင် ဒီရောဂါကူးစက်ထားတဲ့ နိုင်ငံတွေဖက်က လာတာလား။ တရုတ်ပြည် ဝူဟန်ဖက်က ဖြတ်လာတာလားဆိုတာတွေ မေးမြန်းစစ်ဆေးပြီး လိုအပ်တဲ့စောင့်ကြည့်ကုသမှုတွေ လုပ်သွား ပါမယ် "
ဟု ကယားပြည်နယ် ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဌေးလွင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ကယားပြည်နယ်အတွင်း လေဆိပ်၊ ကားဂိတ်များတွင် နိုင်ငံခြားသားခရီးသွားများအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနက စစ်ဆေးခြင်းအပြင် ဟိုတယ်များတွင် တည်းခိုနေထိုင်သော ဧည့်သည်များ အဖျားဝေဒနာများ၊ သံသယဖြစ်စရာများတွေ့ရှိပါက ကျန်းမာရေးဌာနသို့ ချက်ချင်း လာရောက် အကြောင်းကြား ပို့ဆောင်ပေးရန် ဟိုတယ်များအား ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာနက ညွှန်ကြားထားကြောင်း သိရသည်။
" ကျွန်တော်တို့ ဦးစီးဌာနကလည်း စာထွက်ပြီး ညွှန်ကြားထားတာတွေ ရှိပါတယ်။ ဒါကြောင့် လွိုင်ကော်မှာရှိတဲ့ ဟိုတယ်တွေအားလုံးကို ဒီရောဂါနဲ့ ပတ်သက်ပြီး သံသယဖြစ်နိုင်တဲ့ သူတွေ၊ ဖျားနာတဲ့သူတွေရှိတာနဲ့ ကျန်းမာရေးဌာနကို တစ်ခါတည်း အကြောင်းကြားပေးဖို့ ခေါ်သွားပေးဖို့ ကျွန်တော်တို့ ညွှန်ကြားထားပါတယ်"
ဟု ကယားပြည်နယ် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ဦးစီးမှူး ဦးအောင်ကျော်သူက ပြောသည်။
ကော်ရိုနာဗိုင်းရပ်စ် (ဝူဟန်အဆုပ်ရောင်ရောဂါ)နှင့် ပတ်သက်၍ အများပြည်သူလူထုနှင့် ပြည်နယ်တွင်း ဝင်ထွက်သွားလာနေကြသော ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များကို အသိပညာပေးခြင်းများကိုလည်း ကျန်းမာရေးဦးစီးဌာနက လုပ်ဆောင်နေကြောင်း သိရသည်။