ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ ဟိုတယ်၊ မိုတယ်နှင့် တည်ခိုးခန်းလုပ်ငန်းရှင်များပါဝင်သည့် မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း(ရွှေတြိဂံဇုန်)တွင် မိုင်းလားမှ ဟိုတယ်လုပ်ငန်းရှင်များ ပါဝင်လာနိုင်ကြောင်း သိရသည်။
"နောင်မှာ မိုင်းလားက ရွှေတြိဂံဇုန်ထဲမှာ ပါလာဖို့ အနေအထား အများကြီးရှိပါတယ်။ အကြမ်းဖျင်းပဲသိသေးတာပေါ့။ ဘယ်လိုပုံစံနဲ့ ပါဝင်လာမလည်းဆိုတာတော့ အမှုဆောင်ရွေးချယ်ပြီးမှပဲ အတိအကျပြောလို့ရမယ်"
ဟု မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း(ရွှေတြိဂံဇုန်)၏ ဒုတိယဥက္ကဌ ဦးအာကာက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း(ရွှေတြိဂံဇုန်)တွင် ကျိုင်းတုံ၊ တာချီလိတ်၊ မိုင်းဆတ်နှင့် မိုင်းဖြတ်မြို့များမှ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းပိုင်ရှင်များနှင့် ဝန်ထမ်းများပါဝင်ပြီး မိုင်းလားဒေသမှ ဟိုတယ်လုပ်ငန်းရှင်များ ပါဝင်လာမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် (၃)နှစ် သက်တမ်း ပြည့်တော့မည့် မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း(ရွှေတြိဂံဇုန်)အား ၂၀၂၀ခုနှစ် ဖေဖော်ဝါရီလ(၁၄)ရက်နေ့တွင် အလုပ်အမှုဆောင်သစ်အား ကျိုင်းတုံမြို့၌ ရွေးချယ်ပွဲ ကျင်းပမည်ဖြစ်ပြီး တာချီလိတ်က မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း(ရွှေတြိဂံဇုန်)၏ ဥက္ကဌအဖြစ် ဟိုတယ်တာချီလိတ်ပိုင်ရှင် ဦးထွန်းနေဦး၊ ဒုတိယဥက္ကဌအဖြစ် 1G1 7 နှင့် 1G1 8 ဟိုတယ်ပိုင်ရှင် ဦးအောင်နိုင်၊ စာရင်းကိုင်အဖြစ် ဇန်းမွန်အခါဟိုတယ်မှ ဒေါ်အားနာ၊ လက်ထောက်စာရင်းကိုင်အဖြစ် ဟိုတယ်တာချီလိတ်မှ ဒေါ်ရွှေဇင်ခက်၊ စာရင်းစစ်အဖြစ် Golden Lucky Motel မန်နေဂျာ ဒေါ်မွန်မွန်ဦးတို့ပါဝင်ပြီး အလုပ်အမှုဆောင် အဖွဲ့ဝင်များအဖြစ် မဲခေါင်မြစ်ဟိုတယ်၊ ရွှေဘူးသီးဟိုတယ်၊ J My King Hotel၊ Platinum Star Hotel၊ Phalan ၊ San Sai Hotel ၊ Golden Family Hotel၊ ရွှေရည်မြင့်မို မိုတယ်၊ ကျင်းလုံဟိုတယ်၊ ငြိမ်းချမ်း ဟိုတယ်နှင့် အလူရာ ဟိုတယ် အပါအဝင် စာရင်းသွင်းထားကြောင်း သိရသည်။
သတင်း - ဟန်စိုးထိုက်