ကျောက်မဲတွင် တက္ကသိုလ်ဝင်တန်း စာစစ်ဌာနများရှေ့တွင် စာရေးကိရိယာနှင့် သောက်သုံးရေများ အခမဲ့ရယူနိုင်ရန် စီစဉ်ပေးထား
ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့ပေါ်ရှိ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အထက(၁)နှင့် အထက (၄) စာစစ်ဌာနရှေ့တွင် စာရေးကိရိယာများနှင့် သောက်သုံးရေသန့်ဗူးများ အခမဲ့ရယူနိုင်ရန် မြို့ပေါ်ရှိစေတနာရှင်များက ၂၀၂၀ ခုနှစ်၊ မတ်လ (၁၂) ရက်နေ့မှစ၍ စီစဉ်ပေးထားသည်ကို တွေ့ရသည်။
" ကျောက်မဲကမဟုတ်ဘဲ တစ်ခြားမြို့ကလာပြီးတော့ စာစစ်ဌာနလာစောင့်ကူတဲ့ ကျောင်းဆရာတစ်ဦးက အကြံ ပေးတာနဲ့ ကျောက်မဲက မိတ်ဆွေတစ်ချို့နဲ့ ပူးပေါင်းပြီး စာရေးကိရိယာတွေရယ်၊ ရေသန့်ဗူးတွေရယ်ကို ကျောင်းသူ ကျောင်းသားတွေအတွက် အခမဲ့ယူသုံးနိုင်ဖို့ လုပ်ဆောင်ပေးတာဖြစ်ပါတယ်။ တစ်ခြားမြို့အချို့မှာ တော့ မနေ့က ပထမရက်(မတ်လ ၁၁ ) ရက်နေ့ကစပြီး လုပ်နေတာကို လူမှုကွန်ယက်မှာ တွေ့တယ်။ ကျောက်မဲ မှာတော့ ဒီနေ့ ဒုတိယနေ့မှ စပြီးလုပ်တာပါ "
ဟု ကျောက်မဲရှိ စာစစ်ဌာနတစ်ခုဖြစ်သည့် အမှတ် ( ၁ ) အခြေခံပညာအထက်တန်းကျောင်းရှေ့တွင် စာရေးကိရိယာနှင့် သောက်ရေ အခမဲ့ထောက်ပံ့ပေးနေသည့် မနှင်းနုနုလွင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
တက္ကသိုလ်ဝင်တန်း စာမေးပွဲ လာရောက်ဖြေဆိုသည့် ကျောင်းသူ/ ကျောင်းသားများအနေဖြင့် စာဖြေရာတွင် လိုအပ်နိုင်သည့် ဘောပင်များ၊ ပေတံ၊ ခဲဖျက်၊ ခဲတံ၊ ခဲဆံ၊ ပုံဆွဲခဲတံများကို စင်ငယ်များဖြင့်တင်ထားကာ အခမဲ့ရယူသုံးစွဲခွင့်ပေးထားပြီး စာမေးပွဲဖြေဆိုပြီး၍ စာစစ်ဌာနမှ ပြန်ထွက်လာချိန်တွင် သောက်ရေသန့်ဗူး များကို ဝေငှပေးသွားရန် စီစဉ်ထားသည်ဟု သိရသည်။
ကျောက်မဲမြို့ပေါ်တွင် စာစစ်ဌာန (၃) ခုရှိသည့်အနက် အမှတ်( ၁) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ် ( ၄ ) အခြေခံပညာအထက်တန်းကျောင်းတို့အနီး၌ ယင်းကဲ့သို့စီစဉ်ပေးထားခြင်းဖြစ်ကြောင်း သိရသည်။
ကျောက်မဲမြို့နယ်နှင့် ကျောက်မဲခရိုင် မိုင်းငေါ့မြို့နယ်အပါအဝင် ကျောက်မဲခရိုင်အတွင်း တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုနေသည့် စာစစ်ဌာန စုစုပေါင်း ( ၄ ) ခုရှိပြီး တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုရန် စာရင်း ပေးသွင်းထားသူ စုစုပေါင်း ( ၁၄၄၉ )ဦး ရှိကာ မတ်လ (၁၁ )ရက် ၊ ပထမနေ့တွင် ဖြေဆိုသူ စုစုပေါင်း ( ၁၃၇၉ ) ဦး ရှိသည်ဟု သိရသည်။
ကျောက်မဲမြို့ပေါ်ရှိ စာစစ်ဌာန ( ၃ ) ခုအနက် အဝေးမှ လာရောက်ဖြေဆိုကြသည့် ကျောင်းသား/သူများမှာ အမှတ်( ၄ ) အခြေခံပညာအထက်တန်းကျောင်းတွင် ဖြေဆိုနေခြင်းဖြစ်ပြီး အဝေးမှ လာရောက်ဖြေဆိုသူ များ တည်းခိုနေထိုင်သည့် အမက(၁)၊ အမက( ၈ ) နှင့် အမက( ၆ )တို့ရှိ ကျောင်းသူ/သား တစ်ဦးစီအတွက် ကွေကာအုပ်( ၁၀ )ထုပ်၊ မုန့်ကြွပ်(၁၀ )ထုပ်၊ ယမ်ယမ် ခေါက်ဆွဲခြောက်( ၅ )ထုပ်စီနှင့် အကြို / အပို့ ယာဉ် (၅) စီး တို့ကို ကျောက်မဲရှိ အမှတ် (၁၂၂ )ယာဉ်ထိန်းရဲတပ်ဖွဲ့က ထောက်ပံ့ပေးထားပြီး ကျောင်းသား/သူ တစ်ဦးစီအတွက် လက်သန့်ဆေးရေဗူး ( ၂ )ဗူးစီကို မြို့နယ်အထွေထွေအုပ်ချုပ်ရေး(ကျောက်မဲ) က ထောက်ပံ့ ပေးထားသည်ဟု သိရသည်။
Tachileik News Agency
သတင်း၊ဓါတ်ပုံ -နေဖြိုးမြင့်