ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့တွင် မတ်လ၏ (၁၉)ရက်အတွင်း ပါဝါအိတ်ဇောများ နှင့် အသံစုံဟွန်းတပ်ဆင်ထားသည့် မော်တော်ဆိုင်ကယ် စုစုပေါင်း (၂၅)စီး အား ကျောက်မဲ ယာဉ်ထိန်းရဲတပ်ဖွဲ့က အရေးယူထားကြောင်း သိရသည်။
ဆိုင်ကယ်တွေကိုတော့ ဖမ်းမထား/ သိမ်းဆည်း မထားပါဘူး၊ ဆူညံပါဝါအိတ်ဇော တပ်ပြီးမောင်းနေတာတွေ့ရင် တာဆီးပြီးတော့ အဲ့ဒီအိတ်ဇောကို (ဝပ်ရှော့ ဆရာခေါ်ပြီး) ဖြုတ်တယ်၊ အသံစုံဟွန်းတွေကိုလဲ ဖြုတ်တယ်၊ ပြီးတော့ ရိုးရိုးအိတ်ဇောပဲ ပြန်ဝယ်တပ်ခိုင်းပါတယ်၊ ကျန်တဲ့ ယာဉ်/လမ်း စည်းကမ်း ပညာပေးတာတွေလဲ ပုံမှန်အတိုင်း ဆက်လုပ်နေပါတယ်
ဟု အမှတ် ( ၁၂၂ ) ယာဉ်ထိန်းရဲတပ်ဖွဲ့စု(ကျောက်မဲခရိုင်)မှ တပ်ဖွဲ့စုမှူး ဒုရဲမှူးကျော်ကျော်ထွန်တာချီလိတ်သတင်းအေဂျင်စီသို့ မတ်လ (၁၉)ရက်နေ့တွင် ပြောသည်။
ကျောက်မဲဗဟိုစျေးအနီးတွင် ယာဉ်/လမ်း စည်းကမ်း အသိပညာပေးအနေဖြင့် (၂)ဦးထက်ပို၍ ဆိုင်ကယ်စီးနှင်းနေမှုများ၊ လမ်းပြောင်းပြန် မောင်းနှင်သူများ၊ စည်းကမ်းမဲ့ ယာဉ်ရပ်နားနေမှုများကိုလဲ ယာဉ်ထိန်းရဲတပ်ဖွဲ့က ပုံမှန်လုပ်ဆောင်ပေးနေကြောင်း သိရသည်။
တက္ကသိုလ်ဝင်တန်းစာမေးပွဲများ ဖြေဆိုနေသည့်ကာလအတွင်း ဆူညံအိတ်ဇောတပ်ဆင်သည့် ယာဉ်များကို ဖမ်းဆီးမှုများ ခေတ္တရပ်နားထားကာ ပညာပေးလုပ်ငန်းများသာ လုပ်ဆောင်နေပြီးစာမေးပွဲကာလ ပြီးဆုံးပါက ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်နယ်( မြောက်ပိုင်း ) လားရှိုးမြို့နှင့် သီပေါမြို့တို့တွင်လဲ တက္ကသိုလ်ဝင်တန်း စာမေးပွဲမတိုင်ခင် ပါဝါအိတ်ဇောများနှင့် သံစုံဟွန်းများ တပ်ဆင်မောင်းနှင်မှုကို အရေးယူဆောင်ရွက်မှုများ ပြုလုပ်နေကြောင်းလည်း သိရှိရသည်။
Tachileik News Agency
သတင်း - နေဖြိုးမြင့်