တာချီလိတ်သို့ နယ်စပ်ဝင်ပေါက်များမှ မတ်လ (၁၉)ရက်နေ့ကစပြီး တတိယနိုင်ငံသားများကို ဝင်ရောက်ခွင့် ပိတ်လိုက်ပြီ

တာချီလိတ်သို့ နယ်စပ်ဝင်ပေါက်များမှ မတ်လ (၁၉)ရက်နေ့ကစပြီး တတိယနိုင်ငံသားများကို ဝင်ရောက်ခွင့် ပိတ်လိုက်ပြီ
မတ် 19, 2020
By Tachileik News Agency
တာချီလိတ်သို့ နယ်စပ်ဝင်ပေါက်များမှ မတ်လ(၁၉)ရက်နေ့ကစပြီး တတိယနိုင်ငံသားများကို  ဝင်ရောက်ခွင့် ပိတ်လိုက်ပြီ

ထိုင်းနှင့် လာအိုနိုင်ငံများနှင့် ထိစပ်နေပြီး နယ်စပ်ဂိတ်များ ရှိနေသည့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့သို့ နယ်စပ်ဂိတ်များမှ တဆင့် တတိယနိုင်ငံသားများ EP ဖြင့် ဝင်ရောက်ခြင်းကို ၂၀၂၀ ခုနှစ်၊ မတ်လ (၁၉)ရက်နေ့ကစ၍ ဝင်ခွင့် မပြုတော့ကြောင်း သိရသည်။

EP နဲ့ဝင်ရောက်ခွင့် မပြုတော့ဘဲ BP (Border Pass)၊ TBP ( Temporary Border Pass) နဲ့ပဲ ဝင်ရောက် ခွင့်ပြုရမယ်လို့ ညွှန်ကြားလာတော့ ထိုင်းနိုင်ငံသားကလွဲရင် EP နဲ့ ဝင်ရောက်တာအားလုံး ဝင်ခွင့်မပြုတော့ ဘူးပေါ့။ နောက် နယ်စပ်ပေါက်ကဝင်ပြီး နယ်စပ်ကနေ ပြန်ထွက်တဲ့ ဆိုင်ကယ်အဖွဲ့၊ မော်တော်ယာဉ်အဖွဲ့တွေ သူတို့ ဘယ်လမ်းကြောင်းကနေဝင်ပြီး ဘယ်လမ်းကြောင်းကနေထွက်မယ်ဆိုတာ ဟိုတယ်/ခရီးကနေ စာဝင်လာတာတွေရှိတယ်။ အဲဒီအဖွဲ့တွေလည်း COVID 19 ဖြစ်ကတည်းက ဒီဘက်ရောက်လာမယ်ဆိုတာ စာဝင်မလာတော့ဘူး

ဟု လဝကတာဝန်ရှိသူတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့  မတ်လ(၁၉)ရက်နေ့တွင် ပြောသည်။

နှစ်နိုင်ငံနယ်စပ်ဒေသများရှိ နယ်စပ်ဝင်ထွက်ပေါက်များတွင် နယ်စပ်ဝင်ပေါက်အနီးရှိ နှစ်နိုင်ငံမှ ဒေသခံများအား ယာယီနယ်စပ်ဖြတ်သန်းခွင့်စာအုပ် (Temporary Border Pass - TBP) နှင့် နှစ်နိုင်ငံမှ နိုင်ငံသားများကို ယာယီနယ်စပ် ဖြတ်သန်းခွင့်လက်မှတ် (Border Pass – BP) များဖြင့် ဖြတ်သန်းခွင့်ပေးထားပြီး အခြားနိုင်ငံသားများကို EP (Entry Permit)ဖြင့် ဝင်ခွင့်ပြုထားခြင်းဖြစ်သည်။

တရုတ်နိုင်ငံတွင် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလက စတင်ဖြစ်ပွားခဲ့သည့် ကိုရိုနာဗိုင်းရပ်စ် (COVID 19) မှာ ၂၀၂၀ ခုနှစ်၊ မတ်လအထိ ထိန်းချုပ်နိုင်ခြင်းမရှိသေးဘဲ ကမ္ဘာ့နိုင်ငံပေါင်း (၁၅၀)ကျော်တွင် ကူးစက်ပျံ့နှံ့နေသဖြင့် ကမ္ဘာ့ကပ်ရောဂါအဖြစ်သတ်မှတ်ထားရခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုမရှိစေရေးအတွက် နယ်စပ်ဝင်ထွက်ပေါက်များ၊ အပြည်ပြည်ဆိုင်ရာ ဝင်ထွက်ပေါက်များတွင် ကိုယ်အပူချိန် တိုင်းတာစစ်ဆေးခြင်းများကို ဆောင်ရွက်နေသည့်အပြင် တရုတ်နိုင်ငံသားများအား ဆိုက်ရောက်ဗီဇာ ထုတ်ပေးနေခြင်းကို ၂၀၂၀ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁)ရက်နေ့မှစ၍ ရပ်ဆိုင်းထားပြီး ရောဂါဖြစ်ပွားမှုမြင့်နေသည့် တရုတ်၊ တောင်ကိုရီးယား၊ အီတလီ၊ အီရန်၊ ပြင်သစ်၊ စပိန်နှင့် ဂျာမနီနိုင်ငံများမှ မြန်မာနိုင်ငံသို့ ရောက်ရှိလာသူတိုင်းကို (၁၄) ရက်သီးသန့်စောင့်ကြည့်ခြင်းအား ၂၀၂၀ ခုနှစ်၊ မတ်လ (၁၅)ရက်နေ့ကစ၍ စတင်ဆောင်ရွက်နေခြင်းဖြစ်သည်။

Tachileik News Agency
သတင်း - ချယ်ရီထိုက်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~