နိုင်ငံခြားသားများ COVID-19 ကင်းကြောင်း ဓါတ်ခွဲအဖြေပါမှ မြန်မာသို့ ဝင်ခွင့်ရမည်
မြန်မာနိုင်ငံတွင် ပထမဆုံး အတည်ပြုလူနာ (၂)ဦးတွေ့ရှိပြီးနောက် နိုင်ငံအသီးသီးမှ လာရောက်သူအားလုံးကို စတင်ရောက်ရှိချိန်မှစ၍ (၁၄)ရက် သီးသန့်သတ်မှတ်ထားသည့်နေရာ၌ စောင့်ကြည့်မှုကို ၂၀၂၀ ခုနှစ်၊ မတ်လ (၂၅)ရက်နေ့မှ စ၍ တိုးမြှင့်လုပ်ဆောင်တော့မည်ဖြစ်သည်။
ကိုရိုနာဗိုင်းရပ်စ် (COVID 19) ကူးစက်ပျံ့ပွားမှုကာကွယ်ရေးအတွက် မြန်မာနိုင်ငံသို့ လာရောက်မည့် ခရီးသွားများအပေါ် ကန့်သတ်ချက်ကို အစိုးရက ထပ်တိုးသတ်မှတ်လိုက်ခြင်းဖြစ်သည်။
အဆိုပါ ကန့်သတ်ချက်အရ မြန်မာနိုင်ငံသို့လာမည့် နိုင်ငံခြားသားခရီးသွားများအနေဖြင့် လေယာဉ်မတက်မီ (၇၂)နာရီအတွင်း ရရှိထားသည့် COVID 19 ရောဂါကင်းရှင်းကြောင်း ဓါတ်ခွဲဆေးစစ်ချက်အထောက်အထား ပြသရန်လိုအပ်ပြီး ရောက်ရှိလာပါက သတ်မှတ်နေရာတွင် (၁၄)ရက်စောင့်ကြည့်မှုအောက် နေထိုင်ကြရမည်ဖြစ်ကြောင်း သိရသည်။
ယင်းအပြင် မြန်မာနိုင်ငံဆိုင်ရာ သံတမန်များ၊ မြန်မာအခြေစိုက် ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းများမှ ဝန်ထမ်းများအနေဖြင့်လည်း COVID 19 ကင်းရှင်းကြောင်း ဓါတ်ခွဲစစ်ဆေးချက်အဖြေနှင့် နေအိမ်၌ သီးသန့်နေထိုင်စောင့်ကြည့်မှု (၁၄)ရက် ပြုလုပ်ရမည်ဖြစ်ကြောင်း သိရသည်။
Tachileik News Agency