Covid-19 ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ရှမ်းပြည်နယ် ( မြောက်ပိုင်း ) ကျောက်မဲမြို့တွင် ဈေးများအတွင်း အခြေခံစားသောက်ကုန်၊ ကုန်စိမ်းဆိုင်နှင့် ဆေးဆိုင်များမှအပ ကျန်ဈေးဆိုင်များအား ၂၀၂၀ ခုနှစ်၊ မေလ (၇) ရက်နေ့မှ (၁၅) ရက်နေ့အထိ ပိတ်ထားရန် မြို့နယ်စည်ပင်သာယာရေးကော်မတီက ညွှန်ကြားထားသည်။
စားသောက်ကုန်ရယ် သား/ငါး ဆိုင်တွေရယ်၊ ဆေးပစ္စည်းဆိုင်တွေရယ်ကလွဲရင် ကျန်တဲ့ဆိုင်တွေက မေလ (၇)ရက်နေ့ကနေ (၁၅) ရက်နေ့အထိ ပိတ်ထားရမယ်လို့ ညွှန်ကြားချက် ထွက်ထားပါတယ်။ ကျောက်မဲမှာ ဆိုရင် ဗဟိုဈေး၊ မင်္ဂလာဈေးနဲ့ မနက်ခင်း အခွန်လွတ်ဈေးတွေအထိ ညွှန်ကြားချက်က အကျုံးဝင်ပါတယ်
ဟု ကျောက်မဲမြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဌ ဦးတင်ဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ မေလ (၅) ရက်နေ့တွင် ပြောသည်။
Covid-19 ကာကွယ် ထိန်းချုပ်ရေးအတွက် ကျောက်မဲရှိ ဈေးများတွင် ဟင်းသီးဟင်းရွက်၊ သား/ငါး ၊ စားသောက်ကုန်နှင့် ဆေးဝါးဆိုင်များမှအပ ကျန်သည့် အထည်၊ ကုန်မာ၊ လျှပ်စစ်၊ ရွှေ အရောင်းဆိုင်များအား ပိတ်ထားရန် မေလ (၄)ရက်နေ့တွင် ရှမ်းပြည်နယ် စည်ပင်သာယာရေးကော်မတီ၏ လမ်းညွှန်ချက်ဖြင့် ကျင်းပသည့် မြို့နယ်စည်ပင်သာယာရေးကော်မတီ၏ အစည်းအဝေးတွင် ဆုံးဖြတ်ခြင်းဖြစ်ကြောင်း သိရသည်။
ကျောက်မဲဗဟိုဈေး တောင်ဘက်တိုက်တန်းပြင်ပရှိ ညဈေးတန်းနှင့် နောင်ပိန်ကျေးရွာရှိ (၅) ရက် တစ်ဈေးတို့အား မတ်လ (၂၉) ရက်နေ့ကစတင်၍ ဧပြီလကုန်အထိ ပိတ်ထားခဲ့ရာမှ မေလ (၁၅)ရက်နေ့အထိ တိုးမြှင့်သတ်မှတ်ထားသည်။
Tachileik News Agency
သတင်း - နေဖြိုးမြင့်