သွေးလွန်တုပ်ကွေးရာသီတွင် ဖျားနာခြင်း ဖြစ်ပွားပါက ဆေးရုံ၊ ဆေးခန်းအမြန်ဆုံးပြသရမည့်အပြင် အဖျားကျစ အချိန်တွင်လည်း အန္တရာယ်ရှိနိုင်သည့်အတွက် ပေါ့ဆ၍ မရကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူက သတိပေးထားသည်။
သွေးလွန်တုပ်ကွေးမှာ ကျွန်တော်တို့က ဖြစ်ပွားမှုကိုလည်း လျှော့ချင်တယ်။ သေဆုံးမှုကိုလည်း လျှော့ချင်တယ်။ ဖြစ်ပွားပြီဆိုရင်လည်း မသေဆုံးဖို့က အရေးကြီးတာပေါ့။ အဲဒီတော့ ဒီရောဂါရဲ့ အစကနဦး အန္တရာယ်ရှိတဲ့လက္ခဏာတွေတွေ့ရင် မဆိုင်းမတွဘဲနဲ့ ဆေးရုံကို အမြန်ဆုံးလာရောက်ဖို့ ပြောချင်ပါတယ်။ နောက်ပုံမှန်အားဖြင့်တော့ ကလေးတွေပဲဖြစ်ဖြစ်၊ လူကြီးတွေပဲဖြစ်ဖြစ် ဖျားနေပြီဆိုရင် အရမ်းစိတ်ပူတတ်ကြတယ်။ အဖျားကျပြီဆိုရင်တော့ စိတ်ပေါ့သွားကြတယ်ပေါ့နော်။ သွေးလွန်တုပ်ကွေးကတော့ အဲဒီလိုမဟုတ်ပါဘူး။ အရမ်းဖျားနေတဲ့အချိန်မှာ သိပ်ဒုက္ခပေးလေ့ပေးထ မရှိပေမဲ့ အဖျားကျပြီးတဲ့နောက်ပိုင်းမှာမှ ပြဿနာတွေ ပေးတတ်တဲ့အတွက်ကြောင့် ကလေးဖျားတာပဲဖြစ်ဖြစ်၊ လူကြီးဖျားတာပဲဖြစ်ဖြစ် အဖျားကျပြီးနောက်ပိုင်း ကလေးဆိုလည်း မဆော့ဘူး၊ မစားဘူး၊ လှုပ်ရှားမှုအားနည်းတယ်၊ နောက်လူကြီးရော ကလေးရော ကိုယ်လက်လေးတွေ အေးစက်လာတယ်ဆိုရင် ဆေးရုံကို မဆိုင်းမတွပဲ မြန်မြန်ဆန်ဆန်လေး ဆေးရုံကို လာပေးဖို့ ပြည်သူလူထုကို ပန်ကြားချင်ပါတယ်
ဟု ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဘစိုးသက်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသတွင် တာချီလိတ်မြို့နယ်၌ ဇူလိုင်လ (၁၀) ရက်နေ့က မိုင်းဖုန်း (က)ကျေးရွာအုပ်စု၊ လွန်းကျိုင်းကျေးရွာမှ သွေးလွန်တုပ်ကွေးဖြစ်သည့် အသက် (၁၁)နှစ်အရွယ် ကလေးငယ်မှာ အဖျားကျစတွင် သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း သိရပြီး ၂၀၂၀ ခုနှစ်၊ ဇွန်လကုန်ပိုင်းကလည်း မိုင်းကိုးကျေးရွာအုပ်စု၊ ပါဟက်ကျေးရွာမှ သက်တော် (၄၀)နှင့် (၄၄)နှစ်အရွယ် ဘုန်းတော်ကြီး (၂)ပါးမှာ သွေးလွန်တုပ်ကွေးဖြင့် ပျံလွန်တော်မူခဲ့ရခြင်းဖြစ်သည်။
တာချီလိတ်မြို့နယ်အတွင်း သွေးလွန်တုပ်ကွေးကာကွယ်ရေးအတွက် ခြင်ပေါက်ပွားနိုင်သည့် ပိုးလောက်လန်း မပေါက်ပွားစေရေးနှင့် ပိုးလောက်လန်းရှင်းလင်းရေးကို ဌာနဆိုင်ရာများနှင့် လူမှုကူညီရေးအသင်းအဖွဲ့များ ပါဝင်သည့်အဖွဲ့ဖြင့် ဆောင်ရွက်နေပြီး လွန်းကျိုင်းကျေးရွာတွင် ကျန်းမာရေးဦးစီးဌာနက ဆေးခန်းဖွင့်စစ်ဆေးပေးထားကာ သွေးလွန်တုပ်ကွေးလက္ခာစစ်ဆေးခြင်းနှင့် ပိုးလောက်လန်းနှိမ်နှင်းရေးတို့ကို လုပ်ဆောင်နေကြောင်း သိရသည်။
မိုင်းဖုန်းဘက်က လွန်းကျိုင်းမှာ ကျွန်တော့်အနေနဲ့ ကွင်းဆင်းစစ်ခဲ့တာ နှစ်ကြိမ်ရှိသွားပြီ။ အဲဒီမှာ သွေးလွန်တုပ်ကွေး စစ်ဆေးပေးတာ သူတို့ရွာလယ်မှာ ဆေးခန်းဖွင့်ပြီး လုပ်ပေးနေတယ်။ ပိုးလောက်လန်းတွေ့တဲ့နှုန်းက ပထမအကြိမ်က တွေ့တဲ့အိမ်ရာခိုင်နှုန်း(၆၃)ရာခိုင်နှုန်း ရှိတယ်။ ဒုတိယအကြိမ်မှာတော့ (၄၂)ရာခိုင်နှုန်းထိ ကျသွားတယ်။ နောက်တစ်ပတ်လောက်ဆိုရင် (၂၀) ရာခိုင်နှုန်းလောက်လျှော့ချနိုင်မယ်လို့ မှန်းထားတယ်
ဟု ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဘစိုးသက်က ပြောသည်။
သွေးလွန်တုပ်ကွေးလက္ခဏာများဖြစ်သည့် ခေါင်းကိုက်ခြင်း၊ ခန္ဓာကိုယ်တွင် အနီစက်များထွက်ခြင်း၊ ဝမ်းလျောခြင်း၊ အဖျားကြီးခြင်း၊ ကြွက်သားနှင့် အဆစ်ကိုက်ခြင်း၊ ဗိုက်အောင့်ခြင်း၊ အန်ခြင်းစသည့် ရောဂါလက္ခဏာများတွေ့ရပါက ဆေးရုံဆေးခန်းသို့ အမြန်ဆုံးပြသကြရန် လိုအပ်မည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ၂၀၂၀ခုနှစ် ဇူလိုင်လ(၄)ရက်နေ့အထိ သွေးလွန်တုပ်ကွေးဖြစ်ပွားသူ (၃,၄၄၆)ဦး ရှိနေပြီး သေဆုံးသူမှာ (၂၇)ဦးအထိရှိနေရာ သေဆုံးမှု အများဆုံးမှာ ရန်ကုန်တိုင်းဒေသကြီးအတွင်းက ဖြစ်ပြီး ဒုတိယအများဆုံးမှာ စစ်ကိုင်းတိုင်ဒေသကြီးအတွင်းထဲက ဖြစ်သည်။
Tachileik News Agency
သတင်း - ချယ်ရီထိုက်