တာချီလိတ်မြို့တွင် ဒီဇင်ဘာလ(၁၀)ရက်နေ့ နေ့လည်ပိုင်းအထိ Covid-19 အတည်ပြုလူနာ ထိုင်းနိုင်ငံသူ (၂)ဦးထပ်တိုး
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ ဧရာဝဏ်မိုတယ်၌ တည်းခိုနေထိုင်သည့် ထိုင်းနိုင်ငံသူ (၂)ဦးတွင် COVID 19 ပိုးတွေ့ရကြောင်း ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၁၀)ရက်နေ့ နေ့လည်ပိုင်းက စစ်ဆေးတွေ့ရှိသည်။
ဧရာဝဏ်မိုတယ်တွင် နေထိုင်သည့် ထိုင်းအမျိုးသမီး (၂)ဦးတွင် ဒီဇင်ဘာလ (၉)ရက်နေ့က အတည်ပြုလူနာများအဖြစ် တွေ့ရပြီးနောက် ယင်းတို့နှင့် ထိတွေ့သည့် အမျိုးသမီးနှစ်ဦးတွင်လည်း ယနေ့ ဒီဇင်ဘာလ (၁၀) ရက်နေ့၌ အတည်ပြုလူနာများအဖြစ် ထပ်တိုး တွေ့ရခြင်းဖြစ်သည်။
အဆိုပါ ထိုင်းနိုင်ငံသူများမှာ ဟိုတယ်တာချီလိတ်၌ အလုပ်လုပ်ကိုင်သူများဖြစ်ကြပြီး 1G1 ဟိုတယ်တွင် မွေးနေ့ပွဲကျင်းပခဲ့သည့် အဖွဲ့မှလည်း ဖြစ်ကြောင်း သိရသည်။
တာချီလိတ်မြို့၌ နိုဝင်ဘာလ (၂၅) ရက်နေ့မှစ၍ COVID 19 ဒေသတွင်းကူးစက်မှုအဖြစ် 1G1 ဟိုတယ်ဝန်ထမ်းအမျိုးသမီးတစ်ဦးကို တွေ့ခဲ့ရပြီးနောက် ဒေသတွင်းကူးစက်မှုအတည်ပြုလူနာများကို ဆက်တိုက်တွေ့လာရခြင်းဖြစ်သည်။
တာချီလိတ်မြို့နယ်အတွင်း နိုဝင်ဘာလ (၂၂)ရက်နေ့မှစ၍ ဒီဇင်ဘာလ (၁၀)ရက်နေ့ နေ့လယ် (၂)နာရီ အထိ အတည်ပြုလူနာ စုစုပေါင်း (၉၃)ဦးရှိလာပြီဖြစ်ပြီး ယင်းတို့အနက် ဒီဇင်ဘာလ (၉)ရက်နေ့အထိ ဆေးရုံဆင်းခွင့်ရသူ (၂၂)ဦးရှိပြီဖြစ်သည်။
တာချီလိတ်မြို့နယ်တွင် COVID 19 ဒေသတွင်း ကူးစက်မှုဖြစ်နေ၍ လူစုလူဝေးရှောင်ကြဉ်ခြင်း၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာ သွားလာနေထိုင်ခြင်း၊ အပြင်ထွက်တိုင်း Mask ကို စနစ်တကျ တပ်ဆင်ခြင်း၊ လက်ကို ဆပ်ပြာဖြင့် မကြာခဏဆေးခြင်းဖြင့် ပိုးကူးစက်ခြင်းမှ ကာကွယ်နိုင်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက လမ်းညွှန်ထားသည်။