စစ်အာဏာရှင်၏ အုပ်ချုပ်မှုကို လက်မခံကြောင်း ပြသမည့် တိတ်ဆိတ်သပိတ်နေ့ နီးလာသည့် ကာလအတွင်း တာချီလိတ် နှင့် ကျိုင်းတုံမြို့တို့ရှိ စစ်ကောင်စီ၏ လက်အောက်ခံ ဌာနများက ၎င်းတို့၏ ဝန်ထမ်းများကို နိုင်ငံရေးလှုံ့ဆော်ရေးသားမှုများ လူမှုကွန်ယက်များပေါ်တွင် မျှဝေခြင်း Like နိပ်ခြင်းများအထိ မပြုလုပ်ရန် ထပ်မံ သတိပေးတားမြစ်ထားကြောင်း သိရသည်။
နိုင်ငံရေး လှုံ့ဆော်ရေးသားတဲ့ Post ကိုတွေကို Like, share , comment မပြုလုပ်ရ ဆိုပြီး တားမြစ်ထားတာတွေရှိတယ်။ လက်မှတ်လည်း ထိုးရတယ်
ကျိုင်းတုံမြို့မှ အမည်မဖော်လိုသည့် ဌာနတစ်ခု၏ ဝန်ထမ်းတစ်ဦးက Tachileik News Agency သို့ ပြောသည်။
နိုင်ငံ့အာဏာကို စစ်တပ်က သိမ်းလိုက်သည့် အစပိုင်းကတည်းက ယခုလို တားမြစ်ထားခြင်း ဖြစ်ပြီး ယခုအခါတွင် တိတ်ဆိတ်သပိတ်ရက်နီးလာ၍ ထပ်မံ သတိပေးခြင်း ဖြစ်သည်ဟု ဆိုသည်။
အာဏာစသိမ်းကတည်းက အခုလိုပဲ သတိပေးထားတာ။ အခုက တိတ်ဆိတ်သပိတ်ကို ဘာကြောက်နေလဲမသိဘူး။ အတော်လေးကို တားမြစ်နေတယ်။ Facebook အကောင့်တောင် စာရင်းပေးထားရတယ်။ သတိပေးမှုကို သိရှိကြောင်း လက်မှတ်လည်း ထိုးရတယ်
ဟု တာချီလိတ်မြို့မှ ဝန်ထမ်းတစ်ဦးက ပြောသည်။
အာဏာသိမ်းခံထားရသည့် (၁)နှစ်ပြည့်နေ့တွင် စစ်အုပ်ချုပ်မှုကို လက်မခံကြောင်း ပြသသည့်အနေဖြင့် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ(၁)ရက်နေ့ နံနက်(၁၀)နာရီမှ ညနေ(၄)နာရီအထိ နေအိမ်ပြင်ပမထွက်ဘဲ တိတ်ဆိတ်သပိတ်လုပ်ဆောင်ကြရန်၊ ဈေးနှင့်ဆိုင်ခန်းများ ဖွင့်လှစ်ထားပါက သတ်မှတ်အချိန်အတွင်း သွားရောက်မဝယ်ကြရန် ပြည်သူမှ ပြည်သူသို့ အချင်းချင်း အွန်လိုင်းပေါ်တွင် အသိပေးနှိုးဆော်ထားကြသည်။