တာချီလိတ်မြို့ ရှမ်းရိုးမကွင်းတွင် ညဈေးပြန်လည်ဖွင့်လှစ်ခွင့်ပြုရန် ပြည်နယ်စည်ပင်ဝန်ကြီးထံ တင်ပြထား
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့လယ်ရှိ ရှမ်းရိုးမကွင်းအတွင်း ညဈေး ပြန်လည်ဖွင့်လှစ်ခွင့်ပြုရန်အတွက် ရှမ်းပြည်နယ်စည်ပင်သာယာရေးဝန်ကြီး၏ ၂၀၂၀ ခုနှစ် ဇူလိုင်လ (၂၈) ရက်နေ့ တာချီလိတ်ခရီးစဉ်တွင် နှုတ်ဖြင့်တင်ပြထားကြောင်း သိရသည်။
ခရိုင်အုပ်ချုပ်ရေးမှူးက ရှမ်းရိုးမကွင်းထဲမှာ (၆) ပေခြားစနစ်နဲ့ ဆိုင်တွေပြန်ဖွင့်ဖို့ ဝန်ကြီးကို တင်ပြခဲ့တယ်။ ဝန်ကြီးက ခရိုင်စီမံခန့်ခွဲရေးကော်မတီကနေတစ်ဆင့် စာနဲ့တင်ပြဖို့ လမ်းညွှန်ခဲ့တယ်။ သူကနေတစ်ဆင့် ကတ်ဘိနက်ကိုတင်ပြီးတော့ ခွင့်ပြုပေးသွားမှာပေါ့
ဟု တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာန၏ ဒုတိယညွှန်ကြားရေးမှူး ဦးစိုင်းခွန်ဇော်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
COVID-19 ကာလကြောင့် ရှမ်းရိုးမကွင်းအတွင်းရှိ ညဈေး၊ မြန်မာ-ထိုင်း ချစ်ကြည်ရေး အမှတ်(၁)နှင့် အမှတ်(၂)တံတားသွားရာလမ်းရှိ ညဈေးတန်းများကို ယာယီပိတ်ထားရာ ဈေးသည်အများစုက ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးဘေးတွင် ယာယီဆိုင်ခန်းများဖြင့် ရောင်းချလာကြခြင်းဖြစ်သည်။
လက်ရှိအချိန်တွင် ရှမ်းရိုးမကွင်းအတွင်း၌ COVID-19 ကာလအတွင်း သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ယာယီနံနက်ခင်းဈေး ဖွင့်လှစ်ခွင့်ပြုထားခြင်းဖြစ်သည်။
Tachileik News Agency
သတင်း - ဟန်စိုးထိုက်