မိုင်းယောင်းမြို့နယ်တွင် မဲဆန္ဒရှင်၏ ငါးပုံလေးပုံ ဆန္ဒမဲပေးသဖြင့် တာချီလိတ်ခရိုင်အတွင်း မဲပေးသည့် ရာခိုင်နှုန်းအများဆုံး မြို့နယ်ဖြစ်နေ
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်အတွင်းရှိ မြို့နယ် (၃) ခုအနက် မိုင်းယောင်းမြို့နယ်က ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲပေးသည့်ရာခိုင်နှုန်း အများဆုံး မြို့နယ်ဖြစ်ကြောင်း သိရသည်။
“တာချီလိတ်ဆိုရင် ထက်ဝက်ကျော်ရှိတယ်။ မိုင်းဖြတ်ကတော့ သုံးပုံနှစ်ပုံပေါ့။ မိုင်းယောင်းကတော့ အများဆုံးပဲ။ ငါးပုံလေးပုံလောက်ကို မဲပေးကြတာ တွေ့ရတယ်။ မိုင်းယောင်းက လူဦးရေက တာချီလိတ်ထက် (၅) ဆလောက်နည်းပေမဲ့ မဲရုံက အတူတူလောက် လုပ်ပေးထားတာ။ သွားလာရခက်ခဲတဲ့နေရာတိုင်းမှာ မဲရုံလုပ်ပေးထားတော့ အလွယ်တကူ မဲပေးလို့ရတာကြောင့်လည်း ပါမယ်လို့ယူဆတယ်။ “ဟု တာချီလိတ်ခရိုင်ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးရန်နောင်စိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
တာချီလိတ်ခရိုင်အတွင်း မြို့နယ်သုံးခုရှိသည့်အနက် စာရင်းများအရ တာချီလိတ်မြို့နယ်တွင် စာရင်း မဲဆန္ဒရှင် (၁၂၉,၈၇၅) ဦးရှိသည့် မဲရုံပေါင်း (၇၀) နှင့် မဲဆန္ဒရှင် (၂၆,၅၄၉) ဦးရှိသည့် မိုင်းယောင်းမြို့နယ်တွင် မဲရုံပေါင်း (၆၈) ရုံ နှင့် မဲဆန္ဒရှင် (၂၂,၄၀၁) ဦးရှိသည့် မိုင်းဖြတ်တွင် မဲရုံပေါင်း (၃၉)ရုံ တည်ဆောက်ပေးထားခြင်းဖြစ်သည်။
Tachileik News Agency