ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်အတွင်းရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် လက်ရှိတာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများနှင့် အငြိမ်းစားရယူသွားသည့် ဝန်ထမ်းများကို အခြေခံစားသောက်ကုန်များကို ၂၀၂၀ ခုနှစ် သြဂုတ်လ (၅) ရက်နေ့ နံနက်ပိုင်းက ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
"ကျွန်တော်တို့ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအောက်မှာရှိတဲ့ တာချီလိတ်၊ မိုင်းဖြတ်၊ မိုင်းယောင်း ကဝန်ထမ်း (၃၀၀) ကျော်ရယ်၊ မြို့နယ်အလိုက်မှာရှိတဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက အငြိမ်းစားယူသွားတဲ့ ဝန်ထမ်းဟောင်းတွေကို စားနပ်ရိက္ခာထောက်ပံ့ပေးတာဖြစ်ပါတယ်။ လက်ရှိက COVID-19 ကာလဖြစ်တဲ့အတွက် ဝင်ငွေရလမ်းနည်းတဲ့ လူတွေ၊ ဝန်ထမ်းတွေအခက်အခဲဖြစ်ကြပါတယ်။ ကျွန်တော်တို့ ခရိုင်အစီအစဉ်နဲ့ တတ်နိုင်သမျှ ထောက်ပံ့ပေးတာဖြစ်ပါတယ်"ဟု တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်နီ၊ ကုလားပဲ၊ ကြက်ဥများကို စုစုပေါင်း ဝန်ထမ်း (၃၅၀) ကျော်ကို ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်ပြီး သေဆုံးသွားသည့် အထွေထွေအုပ်ချုပ်ရေးဝန်ထမ်းဟောင်းတစ်ဦးနှင့် ဆေးကုသမှုခံယူနေရသည့် ဝန်ထမ်းဟောင်းတစ်ဦးတို့ကိုလည်း ငွေကြေးထောက်ပံ့ပေးအပ်ခဲ့သည်။
Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓါတ်ပုံ - ကျော်ဇင်ဟိန်း