တာချီလိတ်မြို့ အရှေ့မြို့ရှောင်လမ်းဧရိယာတွင် ပါဝင်ပြီး လျော်ကြေး မရယူသေးသည့် မြေယာပိုင်ရှင် (၁၄)ဦး ၏ မြေဧရိယာများကို ကွင်းဆင်းတိုင်းတာ
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၏ အရှေ့မြို့ရှောင်လမ်းဖောက်လုပ်နိုင်ရန်အတွက် လမ်းမြေတွင် ပါဝင်နေသော်လည်း လျော်ကြေးမရယူသေးသည့် မြေယာပိုင်ရှင် (၁၄) ဦး၏ မြေဧရိယာများကို သက်ဆိုင်ရာတာဝန်ရှိသူများက ၂၀၂၀ ခုနှစ်၊ သြဂုတ်လ (၁၇) ရက်နေ့တွင် ကွင်းဆင်းတိုင်းတာသည်။
“လျော်ကြေးယူဖို့ကျန်တဲ့ တောင်သူ (၁၄) ဦးနဲ့ ညှိနှိုင်းချက်အရ ကွင်းဆင်းပြီးတော့ ပြန်လည်တိုင်းတာပေးတာဖြစ်ပါတယ်။ (၁၄) ဦးမှာ (၆) ဦးကတော့ ဆက်သွယ်လို့မရတာရယ်၊ ရေဝပ်နေတာရယ်ကြောင့် တိုင်းတာနိုင်ခြင်း မရှိခဲ့ဘူးပေါ့။ နောက်ရက်တွေမှာထပ်ပြီးတော့ ကွင်းဆင်းသွားမှာဖြစ်ပါတယ်။ ဒီနေ့ကွင်းဆင်းတဲ့အခါမှာ တံတား(၂)နားက (၃) ဦးကတော့ သူတို့အိမ်ဆောက်လောက်တဲ့ဧရိယာ ကျန်ချင်တာပေါ့။ လမ်းနယ်လေးကိုနည်းနည်းလေးရွှေ့ပေးဖို့ဆိုပြီးတော့ တင်ပြပါတယ်။ စည်ပင်သာယာရေးဝန်ကြီး ပြန်လာရင် ပြန်ဆွေးနွေးရမှာပေါ့”ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။
တာချီလိတ်မြို့ရှောင်လမ်းကို မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား (၂) အနီးမှနေ၍ မယ်ဆိုင်ချောင်းတစ်လျှောက် စက်မှုဇုန်နှင့် ဝမ်ပုံဖြတ်လမ်းအထိ ဖောက်လုပ်သွားမည်ဖြစ်ပြီး မြေယာပိုင်ရှင် (၁၉၆) ဦး၏ မြေယာများပါဝင်၍ လျော်ကြေးပေးအပ်နေရာ မြေယာလျော်ကြေးမယူသေးသည့် မြေယာပိုင်ရှင် (၁၄) ဦး ကျန်ရှိနေခြင်းဖြစ်သည်။
အဆိုပါလမ်းအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဘဏ္ဍာရန်ပုံငွေမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း စုစုပေါင်း ကျပ် (၁,၃၄၃)သန်းကို ခွင့်ပြုပေးထားခြင်းဖြစ်သည်။
Tachileik News Agency
သတင်း/ဓါတ်ပုံ - ဟန်စိုးထိုက်