ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုများတွင် COVID-19 ကာကွယ်ရေး ဒေသန္တရအမိန့် မလိုက်နာပါက အရေးယူ ခံရနိုင်
၂၀၂၀ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေးလုပ်ငန်းများကို စက်တင်ဘာ (၈) ရက်နေ့က စတင်ခွင့်ပြုလိုက်ပြီဖြစ်သော်လည်း COVID-19 နှင့်ပတ်သက်ပြီး လိုက်နာရမည့်စည်းကမ်းချက်များကို ချိုးဖေါက်ပါက ဒေသန္တရဥပဒေချိုးဖေါက်မှုဖြင့် အရေးယူခံရနိုင်မည်ဖြစ်ကြောင်း သိရသည်။
နိုင်ငံရေးပါတီများ၏ စည်းရုံးရေးလုပ်ငန်းများစတင်ခွင့်ပြုထားပြီဖြစ်ရာ တာချီလိတ်ခရိုင်အတွင်း ဝင်ရောက်ယှဉ်ပြိုင်ကြမည့် နိုင်ငံရေးပါတီ (၁၁)ခုမှ ကိုယ်စားလှယ်လောင်းများအနေဖြင့် စည်းရုံးရေးကာလအတွင်း လိုက်နာရန်အချက်များကို ကော်မရှင်အဖွဲ့ခွဲက တာချီလိတ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်ရုံးတွင် ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၈)ရက်နေ့က ခေါ်ယူတွေ့ဆုံရှင်းလင်းထားခြင်းဖြစ်သည်။
"COVID-19 နဲ့ပတ်သက်လို့ မလိုက်နာဘူးဆိုရင် ကျွန်တော်တို့ကော်မရှင်အနေနဲ့ အရေးယူဖို့ ညွှန်ကြားထားတာမရှိပါဘူး။ ဒါပေမဲ့ ဥပဒေအရပြောမယ်ဆိုရင် COVID-19 နဲ့ပတ်သက်ပြီး မလိုက်နာတာတွေ၊ ဒေသန္တအမိန့်တွေကို မလိုက်နာတာတွေက ထုတ်ပြန်တဲ့ အထွေထွေအုပ်ချုပ်ရေးက ပထမအကြိမ်သတိပေးတို့လုပ်မှာပေါ့။ ဒေသန္တရဥပဒေချိုးဖောက်မှုနဲ့ အရေးယူနိုင်တာပေါ့။ ကျွန်တော်တို့ ရွေးကောက်ပွဲကော်မရှင်အနေနဲ့ COVID-19 နဲ့ပတ်သက်ပြီး ချပြတာပဲရှိတယ်။ အရေးယူဖို့ညွှန်ကြားထားတာ မရှိဘူး"ဟု တာချီလိတ်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ဦးအောင်မင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလတွင် ကိုယ်စားလှယ်လောင်းများအနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ တရားဝင်ထုတ်ပြန်ပေးထားသည့် COVID-19 နှင့်ပတ်သက်ပြီး လှည့်လည်မဲဆွယ်စည်းရုံးရာတွင် လိုက်နာရန်အချက် (၁၂) ချက်၊ ပြင်ပနေရာများ၊ အဆောက်အဦးများအတွင်း မဲဆွယ်စည်းရုံးရေးလုပ်ငန်းများလုပ်ကိုင်ရာတွင် လိုက်နာရန်အချက် (၉) ချက်၊ အင်တာနက်မှတစ်ဆင့် Live Stream ဖြင့်မဲဆွယ်စည်းရုံးရာတွင် လိုက်နာရမည့် (၈) ချက်၊ အိမ်တိုင်ရာရောက် မဲဆွယ်စည်းရုံးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် လိုက်နာရန် အချက် (၇) ချက်ကို အတိအကျလိုက်နာကြရန် ရွေးကောက်ပွဲကော်မရှင်က အသိပေးထားသည်။
Tachileik News Agency