ရွေးကောက်ပွဲပြန်လည်ကျင်းပပေးရန် USDP က တင်ပြမှုမှာ ဥပဒေနှင့်မညီညွှတ်ကြောင်း ကော်မရှင်ပြန်ကြား
ကျင်းပပြီးစီးသွားသည့် ၂၀၂၀ ရွေးကောက်ပွဲကို ပြန်လည်ကျင်းပပေးရန် USDP က ရွေးကောက်ပွဲကော်မရှင်သို့ ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၁၀)ရက်နေ့က တင်ပြလာမှုမှာ ရွေးကောက်ပွဲဥပဒေနှင့်မညီကြောင်း ကော်မရှင်က ပါတီအား အကြောင်းပြန်ကြားထားပြီဖြစ်ကြောင်း သိရသည်။ ကျင်းပပြီးစီးသွားသည့် ၂၀၂၀ ရွေးကောက်ပွဲမှာ လွတ်လပ်၍မျှတသည့်ရွေးကောက်ပွဲမဖြစ်နိုင်၍ ပြန်လည်ကျင်းပပေးရန် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) က ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၁၀)ရက်နေ့ နံနက်ပိုင်း၌ မြို့နယ်ရွေးကောက်ပွဲကော်မရှင်သို့ တင်ပြလာခြင်းဖြစ်ကြောင်း သိရသည်။ “ဒီမနက်သူတို့ လာတင်တယ်။ သူတို့က မြို့နယ်ကို ကန့်ကွက်တယ်။ ဒါနဲ့ပတ်သက်လို့ ရှမ်းအရှေ့ကော်မရှင်ခွဲကို လှမ်းမေးပြီးတော့ သူတို့ကို အကြောင်းပြန်ထားတာက ဒါက ရွေးကောက်ပွဲရလဒ်ထွက်ပြီးတဲ့အချိန် UEC က တရားဝင် ကြော်ငြာပြီးတဲ့အချိန်ကနေ စပြီးတော့ (၄၅) ရက်အတွင်း သက်ဆိုင်ရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ပိုက်ဆံ (၅)သိန်း deposite တင်ပြီးတော့မှ ကန့်ကွက်ရမှာ။”ဟု တာချီလိတ်ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးရန်နောင်စိုးက တာချီလိတ်သတင်းအေဂျင်စီသို့ နိုဝင်ဘာလ (၁၀) ရက်နေ့ နေ့လယ်ပိုင်းတွင် ပြောသည်။ ၂၀၂၀ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား နိုဝင်ဘာလ (၈) ရက်နေ့က ကျင်းပခဲ့ပြီးနောက် ရွေးကောက်ပွဲ ရလဒ်များအားလုံးကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာခြင်း မရှိသေးသော်လည်း မဲရုံအသီးသီးမှရလဒ်များအရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD)က အများစု အနိုင်ရနေခဲ့ပြီးနောက် နိုဝင်ဘာလ (၉)ရက်နေ့တွင် USDP ပါတီက ကိုယ်စားလှယ်လောင်းများအနေဖြင့် မဲရလဒ်စာရင်း ပုံစံ (၁၉)အား လက်မှတ်ရေးထိုးခြင်းမပြုရန် ထုတ်ပြန်သည်ကိုတေ့ွရပြီး နိုဝင်ဘာလ (၁၀)ရက်နေ့တွင် ပြီးခဲ့သည့်ရွေးကောက်ပွဲအား ပြန်လည်ကျင်းပရန် တင်ပြလာသည်ကို တွေ့ရသည်။ “ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ် (၃)ယောက်ကနေ လက်မှတ်ရေးထိုး တင်ပြခဲ့တာဖြစ်ပါတယ် ခင်ဗျ။ ကျွန်တော်တို့က ကျွန်တော်တို့မြို့နယ်အနေနဲ့ ပို့တာဖြစ်ပါတယ်။ တခြားနေရာတွေမှာလည်း ဒီလိုတင်ကြတယ်လို့ ကြားပါတယ်ခင်ဗျ။ တင်တဲ့အကြောင်းရင်းက ကျွန်တော်တို့က ကန့်ကွက်ချိန်ကျော်မှရောက်တဲ့ ကြိုတင်မဲပုံးများ၊ နောက်ဆန္ဒမဲ (၂)ခါပေးမှုကို စစ်ဆေးနိုင်မှု မရှိခြင်း၊ တရားဝင်မဲစာရင်းတွင်မပါသူများ မဲပေးခြင်းစသည့်အချက်များရယ် နောက် မသမာမှုများကြောင့်ပေါ့ အဲဒီလိုမျိုးလေးတွေ ကျွန်တော်တို့ ပွင့်လင်းမြင်သာမှုမရှိခြင်းပေါ့။ နောက် တရားမျှတမှုမရှိခြင်း အဲဒါတွေကြောင့်ပါ ခင်ဗျ။”ဟု တာချီလိတ်ခရိုင် USDP ဥက္ကဌ ဦးဘိုစံက ပြောသည်။ တာချီလိတ်မြို့နယ်အတွင်း ရွေးကောက်ပွဲမမျှတမှုများနှင့်ပတ်သက်၍ ဖြစ်စဉ်များကို မေးမြန်းရာ သီးခြားတင်ပြမည်ဖြစ်သည်ဟု တာချီလိတ်ခရိုင် USDP ဥက္ကဌ ဦးဘိုစံကဖြေကြားပြီး မဲရလဒ်စာရင်း ပုံစံ (၁၉)တွင် လက်မှတ်မထိုးရန် ထုတ်ပြန်စာနှင့်ပတ်သက်၍ ကန့်ကွက်စာ လက်မှတ်ရေးထိုးထားသည့် USDP ကိုယ်စားလှယ်လောင်း (၃)ဦးအနေဖြင့် ပုံစံ (၁၉)ကို လက်မှတ်ထိုးမည်မဟုတ်ကြောင်း သိရသည်။ “အဲဒီဟာလေးတော့ သီးခြားပုံစံမျိုးလေးနဲ့ စာတင်ဖို့ လုပ်နေပါတယ်။ ပုံစံ (၁၉) လက်မှတ်မထိုးဖို့ လိုင်းပေါ်တွေ့တဲ့ အဲဒီဟာကတော့ စာက အတည်ဖြစ်ချင်ဖြစ်မှာပေါ့။ ဒါပေမဲ့ ကျွန်တော်တို့ ကိုယ်စားလှယ်လောင်း (၃) ယောက်ကတော့ ကန့်ကွက်လွှာတင်ထားပြီဆိုကတည်းက ဒီပုံစံ (၁၉) ကိုလည်း လက်မှတ်မထိုးပါဘူးခင်ဗျ”ဟု တာချီလိတ်ခရိုင် USDP ဥက္ကဌ ဦးဘိုစံကဖြေသည်။ တာချီလိတ်မြို့နယ်အတွင်း မဲဆန္ဒနယ်နေရာများတွင် NLD ပါတီက အနိုင်ရရှိထားခြင်းဖြစ်သည်။ Tachileik News Agency သတင်း - ချယ်ရီထိုက်