မိုးကုတ်မြို့နယ်အတွင်း ဒုတိယမြောက် ဖမ်းဆီးခေါ်ဆောင်ခံရသည့် အမျိုးသမီးမှာ မူးယစ်ဆေးရောင်း၍ ထိန်းသိမ်းခြင်းဖြစ်သည်ဟု SSPP/SSA ပြောကြား

မိုးကုတ်မြို့နယ်အတွင်း ဒုတိယမြောက် ဖမ်းဆီးခေါ်ဆောင်ခံရသည့် အမျိုးသမီးမှာ မူးယစ်ဆေးရောင်း၍ ထိန်းသိမ်းခြင်းဖြစ်သည်ဟု SSPP/SSA ပြောကြား
ဒီဇင်ဘာ 6, 2020
By Tachileik News Agency

မိုးကုတ်မြို့နယ်အတွင်း  ဒုတိယမြောက် ဖမ်းဆီးခေါ်ဆောင်ခံရသည့် အမျိုးသမီးမှာ မူးယစ်ဆေးရောင်း၍ ထိန်းသိမ်းခြင်းဖြစ်သည်ဟု SSPP/SSA ပြောကြား

 
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်၊ ကျောက်တစ်လုံးကျေးရွာမှ ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၆)ရက်နေ့တွင် ဖမ်းဆီးခေါ်ဆောင်ခံရသည့် အမျိုးသမီးတစ်ဦးမှာ မူးယစ်ဆေးရောင်းသူဖြစ်၍ SSPP/SSA တပ်ဖွဲ့က ထိန်းသိမ်းခြင်းဖြစ်ပြီး ငွေကြေးတောင်းခံခြင်းမရှိသည့်အပြင် အသက်အန္တရာယ်စိုးရိမ်ဖွယ်လည်း မရှိကြောင်း ထုတ်ပြန်သည်။
မိုးကုတ်မြို့နယ်၊  ကျောက်တစ်လုံးကျေးရွာမှ အသက် (၆၀) အရွယ် အမျိုးသမီးမှာ မူးယစ်ဆေးဝါးဖြန့်ဖြူးရောင်းချမှုကြောင့် ဒီဇင်ဘာလ (၅) ရက်နေ့၌ ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းဖြစ်သည်ဟု SSPP/ SSA က ဒီဇင်ဘာလ (၆) ရက်နေ့တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
"သူက မူးယစ်ဆေးဝါးသုံးစွဲတာမဟုတ်ဘဲ ဖြန့်ဖြူးရောင်းချတာ။ အကြိမ်ကြိမ်သတိပေးပေမဲ့ မလိုက်နာဘူး။ ဒါကြောင့် ကျွန်တော်တို့အလှည့် တာဝန်ယူလိုက်တာပါ။ အသက်အန္တရာယ် မစိုးရိမ်ရပါဘူး။ သူ့ကိုခေါ်ပြီး ထိန်းသိမ်းထားတာပဲရှိပါတယ်။ သူ့အမှားအတွက် သူခံရတာပါ။ သူ့ကိုသွားခေါ်တဲ့အချိန်မှာလည်း မူးယစ်ဆေးဝါးတွေနဲ့ အတူတကွတွေ့ပြီး ခေါ်လာတာ" ဟု မိုးကုတ်/ မိုင်းလုံဒေသထိန်းချုပ်ရေး SSPP / SSA မှ မြို့နယ်တာဝန်ခံက ဒီဇင်ဘာလ (၆) ရက်နေ့ နံနက်တွင် တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။ 
ကျောက်တစ်လုံးကျေးရွာအုပ်စုရှိ အသက် (၆၀) အရွယ် ဒေါ်ကြည်သန်းအား ဒီဇင်ဘာလ (၅) ရက်နေ့ ညနေပိုင်းက လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ ဝင်ဖမ်းသွားသည်ဟု သတင်းများ ထွက်ပေါ်နေရာ မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချနေသူအား SSPP/ SSA အနေဖြင့် ခေတ္တ ခေါ်ဆောင်ထိန်းသိမ်းထားခြင်းဖြစ်ပြီး အခြားအဖွဲ့အစည်းများကို အထင်မြင်လွဲမှားမည်ကို စိုးရိမ်သည့်အတွက် ယခုကဲ့သို့ ထုတ်ဖေါ်ပြောဆိုရခြင်း ဖြစ်သည်ဟု ၎င်းက ပြောသည်။
အဆိုပါ အမျိုးသမီးသည် မူးယစ်ဆေးဝါး၊ စိတ်ကြွဆေးပြား၊ ဘိန်းဖြူများအား မြို့နယ်အတွင်း ဖြန့်ဖြူးရောင်းချနေသည်မှာ ကြာမြင့်နေပြီဖြစ်ပြီး ကျေးရွာနှင့် မြို့နယ် တာဝန်ရှိသူများက အကြိမ်ကြိမ် သတိပေးသော်လည်း ဆက်လက်ရောင်းချနေသည့်အတွက် ယခုကဲ့သို့ ခေါ်ယူ ထိန်းသိမ်းရခြင်းဖြစ်သည်ဟု ဆိုသည်။
၎င်းအားနှိပ်စက် ရိုက်နှက်ခြင်းနှင့် ငွေတောင်းခံခြင်းတို့ ပြုလုပ်မည်မဟုတ်ဘဲ နောက်ထပ်မူးယစ်ဆေးဝါးများ ထပ်မံမရောင်းချရန်အတွက်သာ ထိန်းသိမ်းရခြင်း ဖြစ်သည်ဟု ဆိုသည်။
မိုးကုတ်မြို့တွင် ဒီဇင်ဘာလ (၄) ရက်နေ့ကလည်း SP မုန့်တိုက်ပိုင်ရှင်ကို လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားပြီး ၎င်းအား  TNLA အဖွဲ့က ဖမ်းဆီးခေါ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
Tachileik News Agency
သတင်း - နေဖြိုးမြင့်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~