အင်အားပြင်း ငလျင်လှုပ်ခတ်မှုကြောင့် တစ်နိုင်ငံလုံးတွင် သေဆုံးသူပေါင်း(၂,၈၈၆)ဦးအထိရှိလာကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်လာသည်။
ယနေ့ ၂၀၂၅ခုနှစ် ဧပြီလ(၂)ရက်နေ့ နံနက်(၈)နာရီအထိ ရရှိသည့် စာရင်းများအရ သေဆုံးသူ(၂,၈၈၆)ဦး၊ ဒဏ်ရာရ သူ(၄,၆၃၉)ဦးနှင့် ပျောက်ဆုံးနေသူ(၃၇၃)ဦးရှိသည်ဟု စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောသည်။
ထိုအပြင် ငလျင်ကြောင့် အဆောက်အဦးများအောက်တွင် ပိတ်မိနေသူများအနက် အသက်ရှင်သူ အမျိုးသား(၃၃၅)ဦးနှင့် အမျိုးသမီး(၃၁၅)ဦးတို့ကို ကယ်ထုတ်နိုင်ကာ အမျိုးသား(၂၄၅)ဦးနှင့် အမျိုးသမီး(၂၄၆)ဦးကို သေဆုံးလျက်ရှာဖွေထုတ်ယူနိုင်ခဲ့သည်ဟုလည်း ဆိုသည်။
ဧပြီလ(၁)ရက်နေ့ နံနက်(၈)နာရီအထိ စာရင်းအရ သေဆုံးသူ စုစုပေါင်း (၂,၇၁၉)ဦး နှင့် ဒဏ်ရာရရှိသူ (၄,၅၂၁)ဦး ရှိသည်ဟု သတင်းထုတ်ပြန်ခဲ့ရာ ယနေ့ နံနက်ပိုင်း ထပ်မံရရှိသည့် စာရင်းအရ သေဆုံးသူ (၁၆၇)ဦး ထပ်တိုးလာခြင်း ဖြစ်သည်။
သေဆုံးသူ စုစုပေါင်း (၂,၈၈၆)ဦးသည် စစ်ကောင်စီဘက်က ထုတ်ပြန်ထားသည့် စာရင်းသာဖြစ်ပြီး အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ( National Unity Consultative Council - NUCC)က လူပေါင်း(၄,၂၀၀)ကျော်သေဆုံးပြီး ဒဏ်ရာရနေသူ၊ ပျောက်ဆုံးနေသူများလည်း အဆမတန်များပြားကာ အိမ်ထောင်စုပေါင်း သောင်းချီ အိုးအိမ်မဲ့ ဖြစ်ခဲ့ရသည်ဟု ယနေ့ ဧပြီလ(၂)ရက်နေ့ နံနက်(၁၀)နာရီအချိန်က သတင်းထုတ်ပြန်ထားသည်။
စစ်ကောင်စီ လက်လှမ်းမမှီနိုင်သည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ( People's Defence Force - PDF )များ စိုးမိုးရာ ဒေသများတွင် ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ နှင့် သေဆုံးသူများရှိကြောင်း သိရသည်။