မန္တလေးမြို့ရှိ ဦးလှသိန်းဗိမာန်၏ တိုးချဲ့ဆောင် ငလျင်ကြောင့် ပြိုကျမှုတွင် မတ်လ(၃၀)ရက်နေ့ ညပိုင်းအထိ သံဃာတော် (၁၃)ပါး ပျံလွန်တော်မူ

မန္တလေးမြို့ရှိ ဦးလှသိန်းဗိမာန်၏ တိုးချဲ့ဆောင် ငလျင်ကြောင့် ပြိုကျမှုတွင် မတ်လ(၃၀)ရက်နေ့ ညပိုင်းအထိ သံဃာတော် (၁၃)ပါး ပျံလွန်တော်မူ

 ငလျင်ကြောင့် မန္တလေးမြို့ရှိ ပရိယတ္တိသာသနဟိတအသင်း(ဦးလှသိန်းဗိမာန်) ဓမ္မာစရိယစာဖြေဌာန၏ တိုးချဲ့ဆောင် ပြိုကျမှုတွင် မတ်လ(၃၀)ရက်နေ့ ညပိုင်းအထိ စာဖြေသံဃာ (၇၁)ပါး ကယ်ထုတ်နိုင်ပြီး (၁၃)ပါးပျံတော်မူကာ (၅၈)ပါး ဆေးကုသမှုခံယူနေရသည်ဟု သံဃာတော်တချို့ထံမှ သိရသည်။ 

 ပရိယတ္တိသာသနဟိတအသင်း(ဦးလှသိန်းဗိမာန်) ဓမ္မာစရိယစာဖြေဌာနတွင် သံဃာတော် စုစုပေါင်း (၁,၂၁၀)ပါး စာဖြေဆိုသည့်အနက် အပါး(၂၇၀)ရှိသည့်  တိုးချဲ့ဆောင် ပြိုကျခဲ့ခြင်းဖြစ်သည်။ 

"မန္တလေး ဦးလှသိန်းဗိမာန် စာဖြေသံဃာ(၉၀)ကျော် ပျံတော်မူဆိုတာ အမှားတွေပါ။ စုစုပေါင်း သံဃာ (၁,၂၁၀)ဖြေဆိုတာပါ။ အဆောင်တွေ အကုန် မပြိုပါဘူး။ တိုးချဲ့ဆောင်ပဲ ပြိုတာပါ။ စုစုပေါင်း တိုးချဲ့ဆောင်တွေမှာ ဖြေတာ အပါး (၂၇၀)ပါ။"ဟု ရတနာ့ဂုဏ်ရည်ဆရာတော် အရှင်ဝိစိတ္တ က လူမှုကွန်ရက်တွင် မတ်လ(၃၀)ရက်နေ့ ည(၈)နာရီဝန်းကျင်အချိန်က မိန့်ကြားထားသည်။

တိုးချဲ့ဆောင်(၁)တွင် သံဃာအပါး(၁၅၀)၊ တိုးချဲ့ဆောင်(၂)တွင် သံဃာအပါး(၁၂၀)စာဖြေဆိုနေချိန် ဖြစ်သည်ဟု သိရသည်။ 

၂၀၂၅ခုနှစ် မတ်လ(၂၈)ရက်နေ့ နေ့လယ်ပိုင်းက လှုပ်ခတ်ခဲ့သည့် အင်အားပြင်း ငလျင်ကြောင့် တိုးချဲ့ဆောင်ပြိုကျမှုတွင် သံဃာအပါး (၁၀၀)ကျော် လွတ်မြောက်သွားပြီး  သံဃာအပါး(၁၀၀)ဝန်းကျင်ပိတ်မိနေ ခြင်းဖြစ်သည်။ 

မတ်လ(၂၉)ရက်နေ့ ည(၈)နာရီခွဲအထိစာရင်းအရ သံဃာတော် (၆၉)ပါးကယ်ထုတ်ပြီး (၁၁)ပါးပျံတော်မူခဲ့ပြီး ယနေ့ မတ်လ(၃၀)ရက်နေ့ ည(၇)နာရီအထိ စာရင်းအရ သံဃာ(၇၁)ပါး ကယ်ထုတ်ပြီး (၁၃)ပါး ပျံတော် မူကာ (၅၈)ပါး ဆေးကုသမှုခံယူနေသည်ဟု သိရသည်။