ရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ (သို့မဟုတ်) ၂၀၂၆ ခုနှစ် ဇန်နဝါရီလတွင် အစောဆုံးကျင်းပရန်စီစဉ်ထားသည်ဟု အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုသည်။
၂၀၂၅ခုနှစ် မတ်လ (၇)ရက်နေ့တွင် စစ်ခေါင်းဆောင် နှင့် ဘယ်လာရုစ်နိုင်ငံသမ္မတ လူကာရန်းကော့တို့ ဘယ်လာရုစ်သမ္မတနန်းတော်တွင် တွေ့ဆုံပြီးပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် စစ်ခေါင်းဆောင်က ယင်းသို့ပြောဆိုခဲ့ခြင်းဖြစ်သည်။
"မကြာခင်မှာလည်း ဥပဒေနဲ့အညီ ရွေးကောက်ပွဲကို ကျင်းပသွားဖို့ရှိပါတယ်။ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ သို့မဟုတ် ၂၀၂၆ ခုနှစ် ဇန်နဝါရီလတွင် အစောဆုံးကျင်းပသွားဖို့ စီစဉ်ထားကြောင်း ပြောလိုပါတယ်။”ဟု စစ်ခေါင်းဆောင်က ပြောသည်။
စစ်ကောင်စီသည် သန်းခေါင်စာရင်းကို ၂၀၂၄ ခုနှစ် အောက်တိုဘာ (၁)ရက်နေ့မှ (၁၅)ရက်နေ့အထိ ကောက်ယူထားပြီးဖြစ်သည်။
လက်ရှိတွင် စစ်ကောင်စီသည် ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်း ရှေ့ပြေးရလဒ်များကို ထုတ်ပြန်ထားသည်။
ရှေ့ပြေးလူဦးရေစာရင်း အစီရင်ခံစာတွင် ဖော်ပြချက်အရ မြန်မာနိုင်ငံတွင် လူဦးရေ (၅၁)သန်းကျော်ရှိပြီး (၃၂)သန်းကျော်သာ ကောက်ယူနိုင်ခဲ့ကာ (၁၉)သန်းကျော်ကို မကောက်ယူနိုင်ခဲ့ဟု စစ်ကောင်စီက ဆိုထားသည်။
အသေးစိတ်ဆန်းစစ်လေ့လာမှုများ၊ စာရင်းအင်းများပါဝင်သည့် ပင်မအစီရင်ခံစာကို ၂၀၂၅ ခုနှစ်အတွင်း ထုတ်ပြန်ပေးသွားမည်ဟု ဆိုသည်။
စစ်ကောင်စီသည် သန်းခေါင်စာရင်း လုံးဝမကောက်ယူနိုင်သည့် မြို့နယ်(၅၈)မြို့နယ်နှင့် တစ်စိတ်တစ်ဒေသသာ ကောက်ယူနိုင်သည့် မြို့နယ်(၁၂၇)မြို့နယ်ရှိပြီး လူဦးရေ(၁၉)သန်းကျော်ကို ကောက်ယူနိုင်ခဲ့ခြင်းမရှိဟု Data for Myanmar အဖွဲ့က ထုတ်ပြန်ထားသည်။
နွေဦးတော်လှန်ရေးကာလအတွင်း တော်လှန်ရေးအင်အားစုများသည် မြို့ပေါင်း(၉၀)ကျော်ကို သိမ်းထားပြီးဖြစ်ကာ ကျန်မြို့အများစုတွင် တိုက်ပွဲများဆက်ဖြစ်နေသည်။
#TachileikNewsAgency