ဖာပွန် ကျောက်ကွင်းရွာဘုန်းကြီးကျောင်းကို ဗုံးကြဲချ၍ ကျောင်းထိုင်ဆရာတော်ပျံလွန်

ဖာပွန် ကျောက်ကွင်းရွာဘုန်းကြီးကျောင်းကို ဗုံးကြဲချ၍ ကျောင်းထိုင်ဆရာတော်ပျံလွန်

ကရင်ပြည်နယ် ဖာပွန်မြို့နယ် ကမမောင်းနှင့် (၁၃)မိုင်အကွာရှိ ကျောက်ကွင်းရွာ ဘုန်းကြီးကျောင်းကို စစ်ကောင်စီလေတပ်က ပေါင်(၅၀၀)ဗုံးကြဲချ၍ ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူကာ သံဃာနှစ်ပါး ဒဏ်ရာရသည်ဟု ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီလေတပ်သည် ၂၀၂၅ခုနှစ် မတ်လ (၆)ရက်နေ့ ညနေပိုင်းတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကျောက်ကွင်းရွာ ဘုန်းကြီးကျောင်းကို ပေါင် (၅၀၀)ဗုံးတစ်လုံးကြဲကာ စက်လက်နက်ဖြင့် ဘုန်းကြီးကျောင်းကိုပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

“ဘုန်းကြီးကျောင်းပဲထိတာ။ ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူပြီး ဦးဇင်းနဲ့ ကိုရင်ထိသွားတယ်။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

စစ်ကောင်စီလေတပ်က တိုက်ခိုက်သည့် ဘုန်းကြီးကျောင်းသည် ဆယ်စုနှစ်ကြာ ဒေသခံများက ကိုယ်ထူကိုယ်ထ တည်ဆောက်ခဲ့ရသော ဘုန်းကြီးကျောင်းဖြစ်သည်ဟု သိရသည်။

“အဲဒီနေရာ ရွာဘက်တွေက တိုက်ပွဲ စစ်ပွဲ မရှိဘူး။ ထုံးစံအတိုင်း ပတ်ရမ်းနေတဲ့ သဘောပဲ။ သူတို့ရဲ့ ကမမောင်း စကစဗျူဟာစခန်းဘက်ကို တော်လှန်ရေးအဖွဲ့တွေဘက်က ထိုးစစ်ဆင်လာမှာကို စိုးရွံ့နေတဲ့သဘော။ ကမမောင်းဗျူဟာစခန်းနဲ့ ကျောက်ကွင်းရွာက ၁၀ မိုင်လောက်ဝေးတယ်။”ဟု တော်လှန်ရေးရဲဘော်တစ်ဦးက Tachileik News Agency ကိုပြောသည်။

ပျံလွန်တော်မူရသည့် ဆရာတော်မှာ သက်တော်(၆၂)နှစ်ပြည့် မွေးနေ့ပြုလုပ်ရန်နီးကပ်နေချိန်ဖြစ်ပြီး ဉူးဇင်းတစ်ပါးနှင့် ကိုရင်တစ်ပါးတို့မှာ ခြေ၊ လက်ပြတ်တောက် ဒဏ်ရာများ ရရှိသွားသည်ဟု သိရသည်။

“ဉူးဇင်းကတော့ ဘယ်ဘက်လက် ပြတ်သွားတယ်။ ကိုရင်က ခြေထောက်နဲ့ ကြောမှာ ထိထားတာ။ လက်ရှိ ဘားအံဆေးရုံမှာပဲ ကုသနေဆဲ။”ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီလေတပ်သည် ၎င်းတို့၏ ကမမောင်းစခန်းရှိရာ ပတ်ဝန်းကျင်ရွာများအား ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျေးရွာ(၅)ရွာခန့်မှ ဒေသခံများ ပြောင်းရွှေ့သွားကြပြီဟုလည်း ဆိုသည်။ 

ယခုရက်ပိုင်းအတွင်း စစ်ကောင်စီသည် စစ်ရေးပစ်မှတ်မဟုတ်သည့် တပ်မဟာ (၃)၊ (၅)၊ (၆)နှင့် (၇)တို့ရှိ ကျေးရွာများ၊ သာသနာ့အဆောက်အဦးများကို ဗုံးကြဲတိုက်ခိုက်မှုများ ခပ်စိပ်စိပ် ပြုလုပ်လာသည်ဟုလည်း ဆိုသည်။

“တပ်မဟာ (၃) မုန်းဘက်မှာလည်း (၄)ရက်နေ့က ကြဲတယ်။ တပ်မဟာ (၇)ဘက်လည်း ကြဲတယ်။ အခု တပ်မဟာ (၅)ဘက် ဆက်ကြဲတာ။ ဘာသာရေး အဆောက်အအုံတွေ ရွာတွေကိုချည်းပဲ။ ခရစ်ယာန်ကျောင်းတွေရောပါတယ်။”ဟု KNLA ရဲဘော်တစ်ဦးက Tachielik News Agency ကိုပြောသည်။

ပြီးခဲ့သည့် မတ်လ (၄)ရက်နေ့နှင့် (၅)ရက်နေ့တို့တွင် တပ်မဟာ(၆)နယ်မြေ ကော့ကရိတ်မြို့ကို စစ်ကောင်စီလေတပ်က ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ် တစ်ဦးနှင့် အမျိုးသမီး (၃)ဦးတို့ ဒဏ်ရာရရှိခဲ့သည်။

#TachileikNewsAgency

Photo: CJ