ကျားဖြန့်လုပ်ငန်းတွင် ပါဝင်ပတ်သက်သည့် တရုတ်နိုင်ငံသား(၄၀၀၀)ကျော်အပါအဝင် နိုင်ငံခြားသား(၇၀၀၀) ကျော်ကို ပြန်ပို့လိုနေပြီး စစ်ကောင်စီ၊ တရုတ်နှင့် ထိုင်းနိုင်ငံဘက်က လာမခေါ်၍ ဖမ်းဆီးထိန်းသိမ်းရေးလုပ်ငန်းများကို ရပ်ဆိုင်းထားရသည်ဟု ကရင်ပြည်နယ် နယ်ခြားစောင့်တပ်(BGF)ထံကသိရသည်။
BGF သည် ကျားဖြန့်လုပ်ငန်းတွင် ပါဝင်သည့် နိုင်ငံပေါင်း(၃၀)ကျော်မှ နိုင်ငံခြားသား(၇၀၀၀)ကျော်ကို နေထိုင်စားသောက်ရေးနှင့် လုံခြုံရေးပေးထားရ၍ အမြန်ဆုံး လွှဲပြောင်းပေးလိုနေခြင်းဖြစ်သည်ဟု ဆိုသည်။
“နိုင်ငံခြားသား (၇၀၀၀) ဦးကျော်ကို အခုထိမလွှဲရသေးဘူး။ တိုးတက်မှုတော့ ရှိလာမယ်ထင်တယ်။ ဒီရက်ပိုင်းအတွင်းမှာလေ။ လက်ရှိက တစ်ပတ်မှာကို (၁၀၀၀) ပတ်ဝန်းကျင်လောက် တရုတ်ဘက်က ပြန်ခေါ်မယ်လို့ ကြားရပါတယ်။ (၇၀၀၀) ဦးကျော်ထဲမှာ တရုတ်က (၄၈၀၀) ဦးပါတယ်။ အဲဒီအထဲကမှ (၆၀၀) ဦးကျော်ကို ပြန်ပို့ပြီးပြီ။”ဟု BGF တပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး နိုင်မောင်ဇော်က Tachileik News Agency ကိုပြောသည်။
စစ်ကောင်စီ၊ တရုတ်နှင့် ထိုင်းနိုင်ငံဘက်က အဆိုပါ နိုင်ငံခြားသား(၇၀၀၀)ကျော်ကို လာမခေါ်သေး၍ BGF က ကျာဖြန်နှိမ်နင်းရေးလုပ်ငန်းများကို ခေတ္တရပ်နားထားရသည်ဟုလည်း ဆိုသည်။
“ကျွန်တော်တို့ရဲ့ အထူးနှိမ်နင်းရေးအလုပ်ကတော့ ရပ်သွားတာတော့မဟုတ်ဘူး။ ခေတ္တနားထားတယ်။ ဘာကြောင့်လဲဆိုတော့ လူတွေထားဖို့အခက်အခဲတွေလည်း အများကြီးရှိတယ်။ ဒီနေ့ဆိုရင်လည်း ခိုက်ရန်ဖြစ်ပွား ထိုးကြ ကြိတ်ကြ အဲဒါတွေလည်းရှိနေတယ်။ နောက်ပြီးတော့ လုံခြုံရေးချထားတဲ့နေရာမှာ နှစ်ထပ်ချထားရတယ်။ လက်နက်ကိုင်ကတော့ အပြင်စည်းချထားပြီးတော့မှ လက်ရှိအတွင်းထဲမှာတော့ လက်နက်မပါတဲ့ လုံခြုံရေးအဖွဲ့ရှိတယ်။ ဟိုတစ်နေ့ကလည်း ကျွန်တော်တို့ လုံခြုံရေးအဖွဲ့တွေကို ကိုယ်ထိလက်ရောက်ဝင်ပြီးတော့မှ ထိုးကြိတ်တာတွေရှိတယ်။”ဟု ဒုတိယဗိုလ်မှူးကြီး နိုင်မောင်ဇော်က ဆက်ပြောသည်။
BGF သည် နိုင်ငံခြားသားများအား ထိုင်းနိုင်ငံသို့ ပြန်ပို့ရာတွင် စစ်ကောင်စီထံ လွှဲပြောင်းပေးပြီးမှသာ စစ်ကောင်စီကတဆင့် တရုတ်နှင့် ထိုင်းနိုင်ငံဘက်သို့ ထပ်မံလွှဲပြောင်းခြင်းဖြစ်၍ စစ်ကောင်စီဘက်က လာမခေါ်သေးခြင်းကြောင့် နိုင်ငံခြားသား(၇၀၀၀)ကျော် သောင်တင်နေခြင်းဖြစ်သည်ဟု သိရသည်။
“ပြည်သူတွေအတွက်ပေါ့။ ကျွန်တော်တို့ တောင်းဆိုသင့် တောင်းဆိုထိုက်တာတွေကတော့ တောင်းဆိုနေမှာပဲ။ ကျွန်တော်တို့အတွက်မဟုတ်ဘူး။ နှိမ်နင်းရေးကိစ္စ စလုပ်ကတည်းကိုက ကျွန်တာ်တို့က ကိုယ့်နည်းကိုယ်ဟန်နဲ့ ကြိုးစားပြီးတော့မှ စိန်ခေါ်မှုတွေ အများကြီးကြားထဲကမှ ကြိုးစားပြီးလုပ်ခဲ့တယ်။ ကျွန်တော်တို့ ငြီးငြူတာတော့ မဟုတ်ဘူး။ ငြီးလည်း မငြီးငြူပါဘူး။ ဒါပေမယ့် ဒေသခံတွေအတွက် ငြီးငြူတာ။ ကျွန်တော်တို့က တောင့်ခံနိုင်တယ်။ ကျွန်တော်တို့ ပြည်သူတွေဖြစ်ကုန်တဲ့ အခက်အခဲကိုတော့ စိတ်မကောင်းဘူး။ ပြည်သူတွေအတွက်ကို ကျွန်တော်တို့ အစိုးရတာဝန်ရှိသူတွေ မနေ့က ထိုင်းမှာလည်း တောင်းဆိုခဲ့မယ်လို့ မျှော်လင့်ပါတယ်။”ဟု ဒုတိယဗိုလ်မှူးကြီး နိုင်မောင်ဇော်က ပြောသည်။
ထို့အပြင် ကမ္ဘာအရပ်ရပ်ရှိ သက်ဆိုင်ရာနိုင်ငံများအနေဖြင့် ၎င်းတို့နိုင်ငံသားများအား ပြန်ခေါ်ရန်နှင့် မြန်မာနယ်စပ်ရှိ အပြစ်မဲ့ပြည်သူများ၏ နေ့စဉ်လူနေမှုဘဝကို ထိခိုက်စေနိုင်သည့် လူစားချင်းစာနာမှုကင်းမဲ့သော ပိတ်ဆို့ဖြတ်တောက်မှုများကို ပယ်ဖျက်ရေးရန်တောင်းဆိုသည်ဟုလည်း ဆိုသည်။
“ထိုင်းနဲ့ ကျွန်တော်တို့နိုင်ငံကလည်း အိမ်နီးချင်းနိုင်ငံဖြစ်တော့ အိမ်နီးချင်းကောင်းပီသစွာနဲ့ တဖက်ကလည်း မိမိ နိုင်ငံက ပြည်သူမဟုတ်ပေမယ့်လည်း ပြည်သူကို ပြည်သူလိုမြင်ပြီးတော့ တခုခုပြန်စဉ်းစားပေးမယ်လို့တော့ မျှော်လင့်ပါတယ်။”ဟု ဒုတိယ ဗိုလ်မှူးကြီး နိုင်မောင်ဇော်က ပြောသည်။
ထို့အပြင် နိုင်ငံတချို့နှင့် ကျင့်ဝတ်မရှိသော သတင်းဌာနတချို့နှင့် လူပုဂ္ဂိုလ်တချို့သည် ပကတိအခြေအနေမှန်ကိုမျက်ကွယ်ပြုကာ BGF အကြီးအကဲများကို တရားခံသဖွယ် အပြစ်တင်ခြင်း၊ လူ့ဂုဏ်သရေကို ညိုးနွမ်းစေသည်အထိ အပြစ်မဲ့မိသားစုကို ထိခိုက်နစ်နာစေသည့် ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုများလုပ်သည်ဟုလည်း ဆိုသည်။
#TachileikNewsAgency