မဟာမိတ် KIA နှင့် TNLA အကြား ဆက်ဆံရေးတင်းမာမှုအခြေအနေများ မကြီးထွားလာစေရန် ထိန်းသိမ်းဆောင်ရွက်သွားရမည်ဟု TNLA စစ်ဦးစီး ချုပ် ဗိုလ်ချုပ် တားဟိူဝ်ပ္လါင်က ပြောသည်။
TNLA နှင့် မဟာမိတ် KIA တို့အကြား မြေပြင်ပွတ်တိုက်မှုများ၊ ပဋိပက္ခတင်းမာမှုများ ဆက်လက်မကြီးထွားစေရန်အတွက် TNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ် တားဟိူဝ်ပ္လါင်သည် မန်တုံမြို့သို့ ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ (၂၈)ရက်နေ့က သွားရောက်ကာ လူထုတွေ့ဆုံပွဲ ပြုလုပ်ခဲ့သည်ဟု သိရသည်။
မဟာမိတ်နှစ်ဖွဲ့အကြား အပြန်အလှန်အသိအမှတ်ပြုရန်နှင့် မဟာမိတ်တည်တံ့ခိုင်မြဲစေရန် နှစ်ဖက်တပ်က ပူးပေါင်းဆောင်ရွက်သွားရမည့်အချိန်ဖြစ်သည်ဟုလည်း ဆိုသည်။
မဟာမိတ်ကတိကဝတ်ကို ရှေးရှု၍ မဟာမိတ်ကြား မလိုလားအပ်သော ပြဿနာများ မဖြစ်ပွားလာစေရန် မဟာမိတ်နှစ်ဖက်လုံးမှ သတိထားဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် ဆက်ဆံရေးတင်းမာမှုများအား ညှိနှိုင်းဖြေရှင်းရမည်ဖြစ်ကြောင်း ပြောဆိုသည်ဟု သိရသည်။
မန်တုံမြို့နယ်အတွင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)နှင့် မဟာမိတ် KIA တို့အကြား ယခုရက်ပိုင်း၌ မြေပြင်တပ်ဖွဲ့ဝင်များ အပြန်အလှန် အငြင်းပွားမှုများ ဖြစ်ပွားနေသည်။
ဖေဖော်ဝါရီလ (၂၃)ရက်နေ့က KIA တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တပ်မဟာ(၄) တပ်ရင်း(၃၄) လက်အောက်ရှိ KIA ၏ လောက်ကျယ်၊ ရော်ကျိန်း၊ မန်ဖန်ဂိတ်စခန်းများနှင့် KIO မန်ပွန်းတိုက်နယ်ရုံးကို TNLA တပ်ဖွဲ့ဝင်များက အင်အားသုံစီးနင်းပြီး လက်နက်များသိမ်းဆည်းခဲ့သည်ဟု သိရသည်။
အဆိုပါဖြစ်စဉ်အပေါ် ညှိနှိုင်းဖြေရှင်းပြီးနောက် ဖေဖော်ဝါရီလ (၂၇)ရက်နေ့တွင် မန်တုံမြို့နယ် မန်မောက်ရွာရှိ KIA တပ်ရင်း(၃၄)တပ်ဖွဲ့ဝင်များနှင့် TNLA တပ်ဖွဲ့ဝင်များ ပြဿနာထပ်မံဖြစ်ပွားခဲ့သည်။
#TachileikNewsAgency
Photo:PSLF/TNLA News