ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ထိုင်းအာဏာပိုင်များက နေအိမ်များအတွင်းထိ ဝင်ရောက်စစ်ဆေးခြင်းများကြောင့် တရားမဝင်နေထိုင်သည့် မြန်မာနိုင်ငံသားများ ဖမ်းဆီးခံရခြင်းများရှိနေရာ ယနေ့ ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ (၂၁)ရက်နေ့တွင်လည်း ထပ်မံဖမ်းဆီးခံရသည်ဟု သိရသည်။
ချင်းမိုင် လူဝင်မှုကြီးကြပ်ရေးက ဗီဇာသက်တမ်းလွန်နေသူများနှင့် တရားမဝင်နေထိုင်သူများကို ဟိုတယ်၊ KTV ၊ စားသောက်ဆိုင်များနှင့် နေအိမ်များအထိ ဝင်ရောက်ဖမ်းဆီးနေရာ မြန်မာနိုင်ငံသားများကိုလည်း ဖမ်းဆီးရမိနေပြီး မြန်မာနိုင်ငံသို့ ပြန်ပို့မည်ဟုလည်း ချင်းမိုင်လူဝင်မှုကြီးကြပ်ရေးရုံးက ဖော်ပြထားသည်။
ယနေ့ ဖမ်းဆီးရမိသည့် မြန်မာနိုင်ငံသားတစ်ဦးမှာ တရားဝင်နေထိုင်ခွင့်ထက် ရက်ပေါင်း (၂၇၅)ရက်ကျော်လွန်နေထိုင်သဖြင့် ဥပဒေအရ စစ်ဆေး အရေးယူမည်ဟုဆိုသည်။
ဖေဖော်ဝါရီလ (၂၀)ရက်နေ့ ညပိုင်းကလည်း ချင်းမိုင်မြိုရှိ နေရာ(၅)ခုမှ နေအိမ်များကို ဝင်ရောက်စစ်ဆေးရာ တရားမဝင်နေထိုင်သည့် မြန်မာနိုင်ငံသား (၈)ဦးကို စစ်ဆေးတွေ့ရှိခဲ့ပြီး (၆)ဦးကို မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်ဆီးရမိသည်ဟု သိရသည်။
စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေကြောင့် မြန်မာနိုင်ငံသားများမှာ ထိုင်းနိုင်ငံအတွင်းသို့ နည်းမျိုးစုံဖြင့် ဝင်ရောက်၍ အလုပ်လုပ်ကိုင်နေကြရခြင်းဖြစ်သည်။
#TachileikNewsAgency
Photo:Chiangmai Immigration