ဂန့်ဂေါတပ်ရင်း NUG လက်အောက်မှ နှုတ်ထွက်ပြီး ယောတပ်တော်နှင့် ပူးပေါင်း

ဂန့်ဂေါတပ်ရင်း NUG လက်အောက်မှ နှုတ်ထွက်ပြီး ယောတပ်တော်နှင့် ပူးပေါင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)လက်အောက်မှ နှုတ်ထွက်လာသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဂန့်ဂေါတပ်ရင်း(ယောဒေသ)သည် ယောဒေသလွတ်မြောက်ရေးကို ပိုပြီးအားစိုက်ရန် ယောတပ်တော်ထံ ပူးပေါင်းလိုက်သည်ဟု ၂၀၂၅ခုနှစ်‌ ဖေဖော်ဝါရီလ (၁၉)ရက်နေ့က ထုတ်ပြန်သည်။

ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးတွင် ယောလူမျိုးတို့သည် တန်းတူညီမျှပါဝင်ခွင့်ရှိသော တိုင်းရင်းသားဖြစ်သည်ဟု သတ်မှတ်၍ ဖွဲ့စည်းထားသော ယောတပ်တော်ထံ NUG လက်အောက်မှနှုတ်ထွက်၍ ပူးပေါင်းလာခြင်းဖြစ်သည်ဟု ဆိုသည်။

“ဟုတ်ပါတယ် NUG အောက်ကနေ ယောဒေသလွတ်မြောက်ရေးကို ပိုပြီးအားစိုက်လုပ်ဆောင်နိုင်ဖို့ ယောတပ်တော်ကိုဖွဲ့စည်းခဲ့ကြတာပါ။”ဟု ယောတပ်တော်မှ တာဝန်ရှိသူတစ်ဦးက Tachileik News Agency ကိုပြောသည်။

ယမန်နေ့က ယောတပ်တော်၏ ထုတ်ပြန်ချက်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဂန့်ဂေါတပ်ရင်း (ယောဒေသ) သည် ယောတပ်တော်ကို စုပေါင်းတည်ဆောက်ရန် ပူးပေါင်းပါဝင်လာပြီး ယောတပ်တော်၏ နိုင်ငံရေး၊ စစ်ရေး ရည်မှန်းချက်များအတိုင်း ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု ဆိုထားသည်။

(၂)နှစ်ခွဲကျော်ကြာ NUG ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်မှ တိုက်ပွဲဝင်ခဲ့ကြသည့် ဂန့်ဂေါတပ်ရင်း(ယောဒေသ)သည်  ပြီးခဲ့သည့် ဇန်နဝါရီလ (၁၉)ရက်နေ့က NUG လက်အောက်က နှုတ်ထွက်စာတင်ခဲ့ကြသည်။

ဂန့်ဂေါတပ်ရင်းမှ တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူးနှင့် တပ်ရေးဗိုလ်ကြီးအပါအဝင် တပ်ထောက်၊ ဘဏ္ဍာရေးတာဝန်ခံ၊ တပ်ရင်း(၁၊ ၂၊ ၃၊ ၄)မှ တပ်ခွဲမှူး၊ တပ်စုမှူး၊ ဒုတပ်စုမှူး၊ တပ်စိတ်မှူး၊ ဒုတပ်စိတ်မှူးအပါအဝင် ရဲဘော်များ နှုတ်ထွက်လိုက်ကြခြင်းဖြစ်သည်။

“NUG အနေနဲ့က တစ်နိုင်ငံလုံးအနေအထားနဲ့ မျှခြေသွားရတာဆိုတော့ စစ်ရေးအခြေအနေတွေက ယောဒေနဲ့ တစ်ချို့ဒေသတွေဟာ မတူကြဘူး။ ဆိုတော့ လိုအပ်ချက်တွေကလည်း မတူကြဘူးပေါ့။ အဲဒီတော့ ဒေသအခြေအနေနဲ့ကိုက်ညီတဲ့ တော်လှန်ရေးအရွေ့တစ်ခုကိုသွားဖို့ နှုတ်ထွက်လိုက်ရတာပါ။”ဟု ၄င်းကဆက်ပြောသည်။

PDF ဂန့်ဂေါတပ်ရင်း(ယောဒေသ)ကို စစ်တပ်အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ် ဇူလိုင်လကစ၍ ဂန့်ဂေါမြို့နယ် အခြေစိုက်တပ်ရင်းအနေဖြင့် ဖွဲ့စည်းတည်ထောင်ခဲ့ကာ တာဝန်ထမ်းဆောင်ရင်း ရဲဘော်(၂)ဦး ကျဆုံးကာ (၈)ဦး ကိုယ်လက်အင်္ဂါများ ဆုံးရှုံးခဲ့ရသည်။ 

ထို့နောက် ၂၀၂၂ခုနှစ် ဧပြီလတွင် NUG အစီအစဉ်နှင့် တပ်ရင်းများဖွဲ့စည်းသော PDF အနောက်ပိုင်းတိုင်း တပ်မဟာ(၇)၊ တပ်ရင်း (၇၀၁)အဖြစ် ပြောင်းလဲတာဝန်ထမ်းဆောင်ခဲ့ကာ ၂၀၂၂ခုနှစ် နိုဝင်ဘာလတွင် အမှတ်(၁)စစ်ဒေသ၊ ဂန့်ဂေါခရိုင် အမှတ်(၁၂)တပ်ရင်းအဖြစ် ထပ်မံပြောင်းလဲခဲ့သည်။ 

“နွေဦးတော်လှန်ရေး (၄)နှစ်ကာလမှာ ကျွန်တော်တို့ ပြောင်းလဲလာတဲ့ဟာတစ်ခုရှိပါတယ်။ အဓိက ဖက်ဒရယ်ပေါ့။ အစက မခံချင်စိတ်သီးသန့်နဲ့ တိုက်ပွဲဝင်ခဲ့ကြပေမယ့် တဖြေးဖြေးနဲ့ ယောဟာ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးမှာ တန်းတူညီမျှပါဝင်ခွင့်ရှိတဲ့ တိုင်းရင်းသားဖြစ်တယ်ဆိုတာရယ် ကျွန်တော်တို့ရဲ့ တော်လှန်ရေးကို ပိုပြီးထိထိရောက်ရောက် ပြင်းပြတဲ့ စိတ်ဆန္ဒ အတွေးအခေါ်တပ်ဆင်နိုင်ဖို့ ဒေသတွင်းအင်အားစုတွေ ပိုစုစည်းနိုင်ဖို့ ကျွန်တော်တို့ရဲ့ Identity ဖြစ်တဲ့ ယောကို စွဲကိုင်တိုက်ပွဲဝင်ဖို့ပါဗျ။”ဟု ယောတပ်တော်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယောတပ်တော်အနေဖြင့် စစ်ကောင်စီအသုံးပြုသည့် တပ်မတော်ဆိုသော အခေါ်အဝေါ်ကို သဘောမကျခြင်းကြောင့် ရှေးခေတ်အသုံးဖြစ်သော တပ်တော်ဆိုသည့် အသုံးအနှုန်းဖြင့် ဖွဲ့စည်း၍ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတစ်ခု၏ အကူအညီဖြင့် ၂၀၂၄ခုနှစ် ဇန်နဝါရီလ(၂)ရက်နေ့တွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်သည်။ 

လက်ရှိ ယောဒေသမြို့များမှာ ထီးလင်း၊ ဂန့်ဂေါ၊ ဆော၊ ကျောက်ထု၊ လောင်းရှည်၊ ကျော စသည့်မြို့များပါဝင်ပြီး  ဗမာမျိုးနွယ်စု၊ ချင်း၊ ယောနှင့် တောင်သားလူမျိုးတို့လည်းနေထိုင်သည်။

ယောလူမျိုးတို့မှာ ပျူ-ချင်းစပ် အနွယ်ဝင်များဖြစ်၍ ဒေသအလိုက် ထုံးဓလေ့နှင့် စကားအသုံးအနှုန်းတို့ ခြားနားနေရခြင်းဖြစ်ပြီး ဂန့်ဂေါနှင့် ယောတွင် အများဆုံးနေထိုင်ကြသည်။

တောင်သားတို့သည် ချင်းနှင့် ပျူသွေးစပ်ထားသည့် ချင်းအနွယ်များဖြစ်ကြကာ ဂန့်ဂေါ၊ ထီးလင်း၊ ယော၊ ဆော စသည့်နယ်များ၏ အတွင်းပိုင်တောင်ခြေကျေးရွာများတွင် နေထိုင်ကြသည်။

#TachileikNewsAgency