မြဝတီ-ရွှေကုက္ကိုလ်နယ်မြေအတွင်း လူကုန်ကူးခြင်းခံရသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ကို ဖမ်းမိ

မြဝတီ-ရွှေကုက္ကိုလ်နယ်မြေအတွင်း လူကုန်ကူးခြင်းခံရသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ကို ဖမ်းမိ

ကရင်ပြည်နယ် နယ်ခြားစောင့်တပ်(BGF)ဌာနချုပ် မြဝတီ-ရွှေကုက္ကိုလ်နယ်မြေအတွင်း ကျားဖြန့်လုပ်ငန်းများကို ဝင်ရောက်စီးနင်းရာ အဓမ္မလူကုန်ကူးခြင်းခံရသည့် တရုတ်နိုင်ငံသား(၂၀၀)ကျော်ကို ဖမ်းဆီးရမိသည်ဟု စစ်ကောင်စီက သတင်းထုတ်ပြန်သည်။

ရွှေကုက္ကိုလ်ရှိ ကျားဖြန့်လုပ်ငန်းများကို ဝင်ရောက်စစ်ဆေးဖမ်းဆီးခြင်းများအား ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ (၁၄)ရက်နေ့တွင် စတင်ရာ အွန်လိုင်းလိမ်လည်မှုများ၊ အွန်လိုင်းလောင်းကစားမှုများ လုပ်ဆောင်ရန်နှင့် ထိုင်းနိုင်ငံတွင် အလုပ်အကိုင်ရရှိရေး  ငွေကြေးမက်လုံးပေးစည်းရုံးမှုများဖြင့် အဓမ္မလူကုန်ကူးခြင်းခံရသည့် တရုတ်နိုင်ငံသား အမျိုးသား (၁၉၄)ဦးနှင့် အမျိုးသမီး (၆)ဦးတို့ကို ဖမ်းဆီးရမိသည်ဟု ဆိုသည်။

ဖမ်းဆီးရမိသူများအား လိုအပ်သောစစ်ဆေးမှုများပြုလုပ်ကာ လုပ်ထုံးလုပ်နည်းများနှင့်အညီ တရုတ်နိုင်ငံမှ တာဝန်ရှိသူများထံ လွှဲပြောင်းပေးသွားမည်ဟုလည်း ဆိုသည်။ 

မြဝတီ-ရွှေကုက္ကိုလ်နယ်မြေအတွင်း လိမ်လည်မှုများ၊ လောင်းကစားမှုများနှင့် ဒုစရိုက်မှုများ ကျူးလွန်ခဲ့ကြသည့် ပြည်ပနိုင်ငံသားများကို စစ်ဆေးဖော်ထုတ်ပြီး သက်ဆိုင်ရာနိုင်ငံများသို့ လုပ်ထုံးလုပ်နည်းများနှင့်အညီ လွှဲပြောင်းပေးအပ်နိုင်ရေး သက်ဆိုင်ရာနိုင်ငံများနှင့် တက်ကြွစွာပူးပေါင်းဆောင်ရွက်နေသည်ဟုလည်း ထုတ်ပြန်ထားသည်။

ကရင်ပြည်နယ် နယ်ခြားစောင့်တပ်(BGF)သည် ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင် ကျားဖြန့်/လူမှောင်ခို ပပျောက်နှိမ်နင်းရေးအထူးအဖွဲ့ကို ဖွဲ့စည်းလိုက်ပြီးနောက် မြဝတီဒေသရှိ လုပ်ငန်းများအားလုံးကို ဝင်ရောက်စီးနေခြင်းဖြစ်သည်။ 

BGF အနေဖြင့် လူမှောင်ခိုကူးခံရသည့်သူများအား နေရပ်ပြန်လိုသူများကို နံပါတ်တစ် ဦးစားပေး အစီအစဉ်၊ နံပါတ်နှစ် အစီအစဉ်တွင် အွန်လိုင်းလိမ်လည်လုပ်ငန်းများကို ဖျက်သိမ်းခြင်းနှင့် အဆိုပါလုပ်ငန်းမှ လူများအား သက်ဆိုင်ရာ နိုင်ငံသို့ ပြန်ပို့ခြင်းနှင့် တတိယအဆင့်တွင် အွန်လိုင်းလိမ်လည်မှု၌ ပါဝင်နေသည့် ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများကို ဖျက်ဆီးခြင်းတို့ကိုပြုလုပ်မည်ဟု ဆိုသည်။

မြန်မာ-ထိုင်းနယ်စပ်ဒေသတလျှောက် လျှပ်စစ်မီး နှင့် စက်သုံးဆီ ပြန်လည်ရရှိရေးအတွက် BGF နှင့် DKBA တို့သည် ကျားဖြန့်လုပ်ငန်းများကို ဝင်ရောက်စီးနင်းဖမ်းဆီးခြင်းများ လုပ်ဆောင်နေကာ တာချီလိတ်တွင်လည်း စစ်ကောင်စီ အလုံးစုံအုပ်ချုပ်ရာ ဒေသဖြစ်သည့်အတွက် စစ်တပ်နှင့်ရဲက အွန်လိုင်းလောင်းကစားများကို ဖေဖော်ဝါရီလ(၇)ရက်နေ့ကစပြီး ရှာဖွေဖမ်းဆီးမှုများ လုပ်ဆောင်နေသည်။

#TachileikNewsAgency

Photo:တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး