တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းကို လျှောက်လှမ်းကြရန် စစ်ခေါင်းဆောင်ပြောဆို

တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းကို လျှောက်လှမ်းကြရန် စစ်ခေါင်းဆောင်ပြောဆို

တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းကို လျှောက်လှမ်းကြရန် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ယနေ့ ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင် ပြုလုပ်သည့် ပြည်ထောင်စုနေ့အခမ်းအနားကို ပေးပို့သည့် သဝဏ်လွှာတွင် ထည့်သွင်းပြောဆိုသည်။

လက်နက်ကိုင်အကြမ်းဖက်သည့် နည်းလမ်းဖြင့် တောင်းဆိုခြင်းမှာ မှားယွင်းသော လမ်းစဉ်ဖြစ်၍ မှန်ကန်သည့် ကောင်းကျိုးရလဒ်များ ရရှိနိုင်မည်မဟုတ်သည့်အတွက် တိုင်းရင်းသားများအကြား နားလည်မှုလွဲမှားခြင်းများ၊ ပဋိပက္ခများရှိပါက တွေ့ဆုံဆွေးနွေးခြင်းဖြင့်သာ ဖြေရှင်းနိုင်မည်ဖြစ်သည်ဟု ပြောသည်။

နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းလမ်းအရ ဖြေရှင်းနိုင်ရန် ငြိမ်းချမ်းရေးတံခါးကို အစဉ်ဖွင့်လှစ်ကြိုဆိုနေသည်ဟုဆိုပြီး ဒေသခံတိုင်းရင်းသားများကလည်း လက်နက်ကိုင်အဖွဲ့အစည်းများအား မိမိတို့လိုလားချက်များကို နိုင်ငံရေးနည်းလမ်းဖြင့် စေ့စပ်ညှိနှိုင်းအဖြေရှာရေး အားပေးဆောင်ရွက်ကြရန် မေတ္တာရပ်ခံလိုသည်ဟု ဆိုသည်။

လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းပြီး ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးရရှိရန်အတွက် တွေ့ဆုံဆွေးနွေးမှု လမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနိုင်ရန် တိုင်းရင်းသားများ လက်တွဲပူးပေါင်းဆောင်ရွက်ရေးကို အလေးထားဆောင်ရွက်ကြရန်လည်း တိုက်တွန်းသည်ဟု ဆိုသည်။

ထို့အပြင် စည်းလုံးမှုမရှိပါက နိုင်ငံမှာ ရေနစ်ဆားကဲ့သို့ ပျက်စီးပျောက်ကွဲသွားမည်ဖြစ်ပြီး နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးကို နိုင်ငံတွင်းရှိ ပြည်သူများ၏ စည်းလုံးညီညွတ်မှုဖြင့် ဆောင်ရွက်ကြရမည်ဟုလည်း ဆိုသည်။

စစ်ခေါင်းဆောင်သည် ငြိမ်းချမ်းရေးဆွေးနွေးလိုကြောင်း ပြောဆိုထားသော်လည်း ပြည်တွင်း၌ စစ်မှုထမ်းဥပဒေဖြင့် တပ်သားအင်အားဖြည့်တင်းကာ တိုက်ပွဲများ ဆက်လက်ဖော်ဆောင်နေပြီး အကြမ်းဖက်မှုများကို ဆက်တိုက်ကျူးလွန်နေသည်။

ထို့အပြင် ငြိမ်းချမ်းရေးတံခါးကို အမြဲဖွင့်ထားသည်ဟုဆိုသော်လည်း မည်သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းကိုမျှ တရားဝင်ကမ်းလှမ်း၍ ဖိတ်ခေါ်ဆွေးနွေးခြင်းမရှိသည့်အပြင် NUG အစိုးရအပါအဝင် PDF တပ်များကိုလည်း ရည်ညွှန်းပြောဆိုထားခြင်းမရှိပါ။

လက်ရှိတွင် တော်လှန်ရေးတပ်များသည် မြန်မာတစ်နိုင်ငံလုံးရှိ မြို့ပေါင်း(၉၀)ကျော်ကို သိမ်းပိုက်ထားပြီးဖြစ်ကာ မြို့သိမ်းတိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်။

#TachileikNewsAgency