သီပေါမြို့အဝင်မုဒ်ဦးကို ပလောင်လူမျိုးအမှတ်သရုပ်ဖြင့် အစားထိုးပြောင်းလဲခြင်းအား TNLA ကို ရှမ်းပြည်ပူး ပေါင်းဆောင်ရွက်ရေးကော်မတီက ကန့်ကွက်

သီပေါမြို့အဝင်မုဒ်ဦးကို ပလောင်လူမျိုးအမှတ်သရုပ်ဖြင့် အစားထိုးပြောင်းလဲခြင်းအား TNLA ကို ရှမ်းပြည်ပူး ပေါင်းဆောင်ရွက်ရေးကော်မတီက ကန့်ကွက်

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့အဝင်မုဒ်ဦးကို ပလောင်လူမျိုးအမှတ်သရုပ်ဖြင့် အစားထိုးပြောင်းလဲခြင်း အား ကန့်ကွက်ရှုတ်ချသည်ဟု ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီက ယနေ့ ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်နေ့တွင် ထုတ်ပြန်သည်။

၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ (၇)ရက်နေ့မှစ၍ TNLA သည် သီပေါမြို့အဝင်မုဒ်ဦးတွင် ရေးဆွဲထားသည့် ရှမ်းပြည်ကိုယ်စားပြု အမှတ်သရုပ်အား ပလောင်လူမျိုးအမှတ်သရုပ်ဖြင့် အစားထိုးပြောင်းလဲလုပ်ဆောင်ခဲ့ခြင်းအပေါ် ကန့်ကွက်လာခြင်းဖြစ်သည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဒီမိုကရေစီမဆန်သောအခြားကိစ္စရပ်များကို ပြုလုပ်နေသည်မှာ ဒေသခံပြည်သူတို့၏ ဆန္ဒသဘောထားကို မထီမဲ့မြင်ပြုခြင်း၊ အချုပ်အခြာအာဏာပိုင် ပြည်သူတို့ကို လေးစားသမှုမရှိခြင်း၊ မိမိအစုအဖွဲ့လိုဘ တစ်ခုတည်းကိုသာ ဦးတည်ဆောင်ရွက်ခြင်း၊ ဒီမိုကရေစီ၏ အနှစ်သာရများ၊ လက်ရှိတော်လှန်ရေး၏ ဦးတည်ချက်များနှင့် ဆန့်ကျင်ကွဲလွဲနေခြင်း၊ တိုင်းရင်းသားလူမျိုးအချင်းချင်း ပဋိပက္ခမဖြစ်ပွားဘဲ ငြိမ်းချမ်းစွာ အတူတကွယှဉ်တွဲနေထိုင်နိုင်ရေးကို ဆန့်ကျင်ရာရောက်ခြင်းတို့ကြောင့် ကန့်ကွက်ရှုတ်ချခြင်းဖြစ်သည်ဟု ဆိုသည်။

“သီပေါမြို့က ပါးစပ်ရာဇဝင်မဟုတ်ဘူး။ ဒါကို သေနတ်မောင်းတင်ပြီးတော့မှ ဖျက်စေ၊ ပျက်စေ လုပ်လို့ ဖြစ်သွားတဲ့ကိစ္စမဟုတ်ဘူး။ ဒီအချိန်ဟာ တော်လှန်ရေးကာလဖြစ်တယ်။ ပြုပြင်ပြောင်းလဲရေးကာလမဟုတ်သေးဘူး။ တည်ဆောက်ရေးကာလမဟုတ်သေးဘူး။ အကုန်လုံးက တော်လှန်ရေးအတွက် အာရုံစိုက်နေတဲ့အချိန်မှာ အားလုံးနဲ့ဆိုင်တဲ့ အမှတ်သရုပ်ကို ဖျောက်ပြစ်တာမျိုးကတော့ မလုပ်သင့်၊ မလုပ်ထိုက်ဘူး။ အဲဒီလို လုပ်လိုက်ခြင်းက ကောင်းကျိုးထက်ကို ဆိုးကျိုးက ပိုများနေနိုင်တယ်။ ဒါကြောင့်မို့လို့ ဆန့်ကျင်ကန့်ကွက်ရခြင်းဖြစ်တယ်။ လူသား သမိုင်း အသက်ရှင်နေတဲ့သမိုင်းမကဘူး ရုပ်ဝတ္ထုသမိုင်းတွေလည်း အများကြီး ထိန်ကျန်ရစ်တယ်။ ဒီအပေါ်မှာ သေနတ်မောင်းတင်ပြီးတော့မှ သမိုင်းကို ဖျက်ပြစ်တာမျိုးက မလုပ်သင့် မလုပ်အပ်တဲ့ကိစ္စဖြစ်တယ်။”ဟု ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ အထွေထွေအတွင်းရေးမှူး ဦးစိုင်းလိတ်က Tachileik News Agency ကိုပြောသည်။

သီပေါမြို့အဝင်မုဒ်ဦးရှိ ရှမ်းပြည်ကိုယ်စားပြုအမှတ်သရုပ်အား ပလောင်လူမျိုးအမှတ်သရုပ်ဖြင့် အစားထိုး ပြောင်းလဲလုပ်ဆောင်ခြင်းအပါအဝင် ယခင်နှစ်များတွင်လည်း ကွတ်ခိုင်မြို့နယ် မိုင်းယုဒေသ၊ နမ္မတူမြို့နယ် မိုင်းရင်ဒေသစသည့် နယ်မြေဒေသများတွင် အလားတူကိစ္စရပ်များ ပြုလုပ်ခဲ့သည်ဟု ကန့်ကွက်စာတွင်ဖော်ပြသည်။ 

ယခင် ၂၀၂၃ ခုနှစ်၊ သြဂုတ်လ(၇)ရက်တွင်လည်း မူဆယ်မြို့နယ် စယ်လန့်ရွာရှိ စဝ်ဆေခန်ဖ၏ နန်းမြို့ရိုးဟောင်းကို ဘူဒိုဇာဖြင့် ဖျက်ဆီးခဲ့ပြီး စဝ်ဆေခန်ဖ၏ နန်းမြို့ရိုးဟောင်းကို ဖျက်ဆီးသည့်အချိန်တွင် လူမျိုးရေးပဋိပက္ခ မဖြစ်ပွားစေရန် စစ်ရေးနည်းလမ်းအစား ငြိမ်းချမ်းစွာဖြင့် ဆွေးနွေးဖြေရှင်းသည့်နည်းလမ်းကို ရှမ်းအဖွဲ့အစည်းအသီးသီးက ဆောင်ရွက်ခဲ့သည်ဟုလည်း ထုတ်ပြန်စာတွင် ဖော်ပြထားသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ TNLA ဘက်ကို Tachileik News Agency က ဆက်သွယ်နေသော်လည်း ဆက်သွယ်၍ မရသေးပါ။

#TachileikNewsAgency