ကရင်ပြည်နယ် ကော်သူးလေးနယ်မြေတွင် ကျင့်သုံးမည့် စီးပွားရေးဆိုင်ရာ ဥပဒေမူကြမ်းများကို KNU ဗဟိုနှင့် ခရိုင်အဆင့် တိုင်ပင်ဆွေးနွေး

ကရင်ပြည်နယ် ကော်သူးလေးနယ်မြေတွင် ကျင့်သုံးမည့် စီးပွားရေးဆိုင်ရာ ဥပဒေမူကြမ်းများကို KNU ဗဟိုနှင့် ခရိုင်အဆင့် တိုင်ပင်ဆွေးနွေး

ကရင်ပြည်နယ် ကော်သူးလေးနယ်မြေတွင် ကျင့်သုံးမည့် စီးပွားရေးဆိုင်ရာ ဥပဒေမူကြမ်းများကို KNU စီးပွား‌ရေးကော်မတီမှ ဦးဆောင်၍ ခရိုင်နှင့် ဗဟိုအဆင့်တွင် တိုင်ပင်ဆွေးနွေးပွဲများပြုလုပ်ကြောင်း KNU ဗဟိုမှ ၂၀၂၄ခုနှစ် ဇူလိုင်လ (၉)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ကေအန်ယူဗဟိုစီးပွားရေးကော်မတီမှ ဇွန်လ (၂၄) ရက်နေ့မှ (၂၈) ရက်နေ့အထိ (၅)ရက်တာ ကြီးမှူးကျင်းပသည့် အဆိုပါဆွေးနွေးပွဲကို ကေအဲန်ယူ ဥက္ကဌ ပဒိုစောကွယ်ထူးဝင် အပါအဝင်၊ ဗဟိုအဆင့် ဌာနဆိုင်ရာခေါင်းဆောင်များ၊ ကော်မတီဝင်များနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲပြီးနောက် နောက်တစ်ဆင့်အနေဖြင့် သက်ဆိုင်ရာ အရပ်ဖက်အဖွဲ့အစည်းများ၊ စီးပွားရေးလုပ်ငန်းနှင့် ပြင်ပစီးပွားရေး ပညာရှင်များနှင့် တိုင်ပင်ဆွေးနွေးသွားရန်ရှိကြောင်း KNU ဗဟိုမှ ဆိုသည်။

KNU ဗဟိုမှ ပြည်သူအများ၏ အကျိုးစီးပွားနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်ရေးဆွဲထားသော ဥပဒေနှင့် နည်းဥပဒေမူကြမ်း (၅) ခုမှာ ကုမ္ပဏီများနှင့်စီးပွားရေးလုပ်ငန်းများဥပဒေ (မူကြမ်း)၊ ကုမ္ပဏီများနှင့် စီးပွားရေးလုပ်ငန်းများ နည်းဥပဒေ (မူကြမ်း)၊ ရင်းနှီးမြှုပ်နှံမှုဥပဒေ (မူကြမ်း)၊ ရင်းနှီးမြှုပ်နှံမှု နည်းဥပဒေ (မူကြမ်း)နှင့် အစိုးရပိုင်စီးပွားရေးလုပ်ငန်းများဆိုင်ရာဥပဒေ (မူကြမ်း)တို့ဖြစ်ကြောင်း သိရသည်။

စီးပွားရေးဆိုင်ရာ ဥပဒေ ကျွမ်းကျင်ပညာရှင်များ၏ အကြံဉာဏ်များနှင့်အတူ မြေပြင်အခြေအနေများနှင့်ချိန်ဆ၍ အချိန် (၁)နှစ်ကျော်ကြာယူ၍ ရေးဆွဲထားသည့် ပထမဥပဒေမူကြမ်းများကို ပြီးခဲ့သည့် လများအတွင်းက KNU ဗဟိုမှ ကော်သူးလေးခရိုင် (၇)ခုလုံးသို့ သွားရောက်ကွင်းဆင်းချပြခဲ့ပြီး သက်ဆိုင်ရာခရိုင်၊ မြို့နယ်၊ တပ်မဟာ၊ တပ်ရင်း ခေါင်းဆောင်များ၏ သဘောထား မှတ်ချက်များ၊ အကြံပြုချက်များကို ရယူခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ကေအဲန်ယူ ဗဟိုစီးပွားရေးကော်မတီကို ၂၀၁၂ ခုနှစ်၊ (၁၅)ကြိမ်မြောက် ကေအဲန်ယူ ဗဟိုကွန်ဂရက်တွင် တရားဝင်ဖွဲ့စည်းခဲ့ပြီး ကော်မတီတွင် အခွန်ဘဏ္ဍာဌာန၊ စိုက်ပျိုးရေး၊ လမ်းပန်းဆက်သွယ်ရေး၊ သစ်တော၊ ငါးနှင့်မွေးမြူရေး၊ သတ္တု စသည့် စီးပွားရေးနှင့်ပတ်သက်သည့် ဌာန (၆) ခုမှ ကိုယ်စားလှယ်များ၊ ဗဟိုနှင့် ခရိုင် (၇) ခုမှ ခေါင်းဆောင်များ ပါဝင်ကြောင်း သိရသည်။

စီးပွားရေးကော်မတီကို စီးပွားရေးနှင့် ပတ်သက်သော သုတေသနများ၊ မူဝါဒရေးရာဆွေးနွေးပွဲများမှတဆင့် စီးပွားရေးဆိုင်ရာ အသိအမြင်များ၊ အသိပညာများ တိုးပွားလာစေရန်၊ ကောင်းမွန်သော စီးပွားရေးဆိုင်ရာ မူဝါဒများ၊ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများရေးဆွဲချမှတ်ရေးအတွက် သက်ဆိုင်ရာ ဌာနဆိုင်ရာများအချင်းချင်း ချိတ်ဆက်မှုနှင့် ပူးပေါင်းဆောင်ရွက်ညှိနှိုင်းမှုများ အားကောင်းလာရန်၊ ဒေသခံစီးပွားရေးလုပ်ငန်းများကို မြှင့်တင်ရန်ရည်ရွယ်၍ ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Photo: KNU