ရန်ကုန်တိုင်း ဒေါပုံမြို့မရဲစခန်းတွင် ချုပ်ထားသည့် လူငယ်(၄)ဦး ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ (၉)ရက်နေ့ နံနက်ပိုင်းက အချုပ်ခန်းဖောက် ထွက်ပြေးလွတ်မြောက်သွားသည်ဟု စစ်ကောင်စီဘက်က ဖော်ပြသည်။
ယမန်နေ့ နံနက်(၂)နာရီခွဲအချိန်တွင် ဒေါပုံမြို့မရဲစခန်း၌ အမျိုးသားအချုပ်ခန်း ယာဘက်ထောင့် နှစ်တိုင်မြောက်သံတိုင်အား အရှည်(၆)လက်မခွဲခန့်ရှိ သံဖြတ်လွှဖြင့်ဖြတ်ကာ အချုပ်ခန်းအနောက်ဘက် လေဝင်ပေါက်ရှိ သံဇကာအားဖြုတ်၍ ထွက်ပြေးလွတ်မြောက်သွားသည်ဟု ဆိုသည်။
စစ်ကောင်စီဘက်က ဖော်ပြချက်တွင် လူငယ်(၄)ဦးမှာ ဒေါပုံမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၉(က)/၂၁ အမှုဖြင့် ရမန်ယူချုပ်နှောင်ထားသူများဖြစ်သည်ဟု ဆိုသည်။
လွတ်မြောက်သွားသူများမှာ ဒေါပုံမြို့နယ်နေကြသူများဖြစ်ပြီး နွယ်အေးရပ်ကွက်နေ သူရဇော်(ခ)အောင်ရဲလင်း (၂၄)နှစ်၊ ဗိုလ်ထွန်းဇံရပ်ကွက်နေ ဝေယံအောင်(ခ)သင်္ဘောသီး(၃၃)နှစ်၊ ကြည်စုရပ်ကွက်နေ ညီညီခန့်(ခ)အသေးလေး (၂၀)နှစ်၊ လှိုင်သာယာမြို့နယ်နေ ခန့်ထည်ဝါထွန်း(၁၇)နှစ်တို့ဖြစ်သည်ဟု သိရသည်။
#TachileikNewsAgency
Photo:Internet