ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့ရှိ သပြေရေတောင်ဘုရားကို စစ်ကောင်စီတပ်က ယနေ့ ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ (၆)ရက်နေ့ နံနက် (၁၀)နာရီခွဲတွင် ဗုံးကြဲတိုက်ခိုက်ရာ ဘုရားပျက်စီးပြီး ကြံခုတ်သမားတစ်ဦး ဒဏ်ရာရသည်ဟု ဒေသခံများထံမှ သိရသည်။
စစ်ကောင်စီတပ်သည် အဆိုပါနေရာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးကြဲတစ်လုံးချသွားခြင်းဖြစ်ပြီး ဘုရားတစ်ခုလုံး ပျက်စီးသွားသည်ဟု ဆိုသည်။
“သပြေတောင်ဘုရားကို ဗုံးကြဲတာ။ အသံတော့ တစ်ခါပဲကြားရတယ်။ ကြံခုတ်နေတဲ့ အရပ်သားတစ်ယောက် ဗုံးစမှန်တယ် မစိုးရိမ်ရပါဘူး။ တိုက်ပွဲဖြစ်တာမရှိဘူးဗျ။ တိုက်ပွဲဖြစ်နေတာက နောင်ချိုမြို့နဲ့ မိုင် (၂၀) အကွာမှာဖြစ်နေတာ။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။
သပြေရေတောင်ဘုရားသည် နောင်ချိုမြို့အစပ်တွင်ရှိနေပြီး မည်သည့်အတွက်ကြောင့် ဗုံးကြဲချသည်ကိုမူ မသိရဟုလည်း ဆိုသည်။
“ကြံခုတ်သမား တစ်ယောက်ဗုံးစမှန်တယ်။ ကျန်တာ လူအထိခိုက်မရှိ။ သူက ကြံခုတ်နေသလားတော့ မသိရဘူး။ ထိသူကတော့ ကြံခုတ်သမား။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။
စစ်ကောင်စီတပ်က ဗုံးကြဲသွားသည့်နေရာသည် သပြေရေရပ်ကွက်အနီးတွင်ရှိပြီး TNLA က ခမရ(၁၁၄)နှင့် ခမရ(၁၁၅)ကိုသိမ်းပြီးနောက် မန္တလေး PDF နှင့် ပူးပေါင်း၍ သိမ်းသည့် (၆၀၆)ဒုံးတပ်ရင်းကို သွားသည့်လမ်းကြောင်း အနီးဝန်းကျင်တွင်ရှိသည်။
“သပြေရေတောင်ဆိုတာက မြို့နယ်နိမိတ်ထဲပဲ။ မြို့အစပ်မှာရှိတာ နယ်နိမိတ်တော့ တစ်ဆက်တည်းပဲ။ (၁၀) မိနစ်လောက်သွားရတယ်။”ဟုလည်း ဒေသခံတစ်ဦးက ဆက်ပြောသည်။
စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဇန်နဝါရီလအတွင်း TNLA ထိန်းချုပ်ထားသည့် မြို့နယ်များတွင် အရပ်သား (၁၃)ဦး သေဆုံးပြီး (၂၆)ဦး ဒဏ်ရာရသည်ဟု TNLA က ဖေဖော်ဝါရီလ (၃)ရက်နေ့တွင် ထုတ်ပြန်ထားသည်။
#TachileikNewsAgency
#TNA_MAT
Photo:Nann Wint War