ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့နယ် မိုင်းကိုးကျေးရွာအုပ်စုအတွင်း ယန်းကျောက်ကျေးရွာတွင် ပြီးခဲ့သည့် ရက်ပိုင်းက ဖြစ်ပွားခဲ့သည့် ပြန်ပေးဆွဲမှုတွင် ပါဝင်သူများမှာ ရှမ်းတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ တစ်ဖွဲ့နှင့် ဆက်စပ်မှုရှိကြောင်း သိရသည်။
"လက်ရှိ ဖမ်းမိထားသူ (၂)ဦးကို စစ်ကြောရေးလုပ်နေတာ သူတို့တွေက တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့နဲ့ ဆက်စပ်မှုရှိတယ်လို့ သိထားရလို့ ကျန်လွတ်မြောက်နေတဲ့ သူတို့ရဲ့ ခေါင်းဆောင်ကိုလည်း ဆက်လက် စောင့်ကြည့်နေတယ်"ဟု တပ်ပိုင်းနှင့် နီးစပ်သူ သတင်းရင်းမြစ်တစ်ဦးက Tachileik News Agency သို့ ပြောပြသည်။
ပြန်ပေးဆွဲသူ (၄)ဦးအနက် (၂)ဦးကို နေရာမှာပင် ဒေသခံပြည်သူများ၏ ကြိုးပမ်းမှုကြောင့် ဖမ်းဆီးရမိပြီးနောက် သက်ဆိုင်ရာက စစ်ကြောရေးပြုလုပ်ရာ ကျန်(၂)ဦးကို အမည်နဲ့နေရာများ သိရှိထား၍ ၎င်းတို့နှင့် သက်ဆိုင်ရာ လက်နက်ကိုင်အဖွဲ့အစည်းကို ဆက်သွယ်မေးမြန်းမှုများ လုပ်ဆောင်ထားကြောင်း ၎င်းထံက သိရသည်။
ဖြစ်စဉ်မှာ မိုင်းကိုးကျေးရွာအုပ်စု ယန်းကျောက်ကျေးရွာတွင်၂၀၂၅ခုနှစ် ဇန်နဝါရီလ(၃၁)ရက်နေ့ ညနေပိုင်းက လက်နက်ကိုင်ဆောင်ထားသည့် လူ(၄)ဦးအဖွဲ့သည် ကျေးရွာအတွင်းသို့ ရောက်ရှိလာပြီး အမျိုးသားတစ်ဦးကို ဖမ်းဆီးခေါ်ဆောင်ရန် ပြုလုပ်စဉ် ပြန်လည် ခုခံမှုများ ဖြစ်ပွားခဲ့သည်။
ကျေးရွာတွင်နေသူများကလည်း ဝိုင်းဝန်းဖမ်းဆီးသည့်အတွက် (၄)ဦးအနက် (၂)ဦးကို ဖမ်းဆီးရမိပြီး ခေါင်းဆောင်ဖြစ်သူ ကျန်(၂)ဦးမှာ လွတ်မြောက်သွားကြောင်း နှင့် ဖမ်းဆီးရမိသူ (၂)ဦးကို ပြည်သူများက သက်ဆိုင်ရာကို လွဲပြောင်းပေးထားကြောင်း သိရသည်။
လက်ရှိတွင် ဖမ်းဆီးရရှိထားသူ (၂)ဦးကို စစ်ကြောရေးပြုလုပ်စဉ်အတွင်း ၎င်းတို့သည် ရှမ်းတိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ တစ်ဖွဲ့က ဖြစ်ပြီး ကျန် လွတ်မြောက်နေသသည့် (၂)ဦး အနက် (၁)ဦးမှာ တာဝန်ရှိသူ တစ်ဦးဖြစ်ကြောင်း သိရသည်။
ဖမ်းဆီးရမိထားသူ (၂)ဦးမှာ စိုင်းထွန်းအောင် နှင့် စိုင်းစွမ်လင်းတို့ဖြစ်ပြီး ၎င်းတို့၏ ဇာတိမှာ မိုင်းပျဉ်းမြို့နယ် မိုင်းပုအွန်ကျေးရွာအုပ်စု ဝမ်ပျက်ကျေးရွာက ဖြစ်ကြောင်း သိရသည်။
"တာချီလိတ်မြို့နယ်ထဲက ကျေးရွာအုပ်စုတွေမှာ ရှမ်းတိုင်းရင်းသားအချင်းချင်း ပြန်ပေးဆွဲတာမျိုးဆိုရင် အကြွေးကိစ္စတွေကြောင့် အဖြစ်များတယ်။ တချို့ကလည်း အဖွဲ့စည်းတွေကို လူမိုက်ငှားပြီး ဖမ်းခိုင်းတာမျိုးလည်း လုပ်တတ်တယ်။ အခု ဖြစ်စဉ်ကတော့ ပိုက်ဆံပေးပြီး ဖမ်းခိုင်းတာလား ဘယ်လိုလဲဆိုတော့ အတိအကျ ပြောဖို့ ခက်နေသေးတယ်"ဟု ဒေသခံ တစ်ဦးက ပြောသည်။
နယ်စပ်ဒေသ တာချီလိတ်မြို့တွင် တရားဥပဒေစိုးမိုးမှုမှာ ၂၀၂၁ခုနှစ်အလွန်ကစပြီး ယနေ့အထိ ပိုမိုစိုးရွားနေပြီး ခိုးဆိုးလုယက်မှုများမှာလည်း နေ့စဉ် နီးပါး ဖြစ်ပွားနေလျှက်ရှိသော်လည်း သက်ဆိုင်ရာများက ဖမ်းဆီးရမိသည်များထဲက ကွင်းဆက်တရားခံများကို ဆက်လက် မဖော်ထုတ်ဘဲ အပေးအယူပြုလုပ်ကာ လွတ်ထားပေးသည်ဟု သိရသည်။