ကနီမြို့ ထောက်ကြံ့ကုန်းရွာအနီးကို ပေါင် ၅၀၀ ဗုံးကြဲချ အရပ်သားနှစ်ဦးနှင့် ရဲဘော်နှစ်ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာရ

ကနီမြို့ ထောက်ကြံ့ကုန်းရွာအနီးကို ပေါင် ၅၀၀ ဗုံးကြဲချ အရပ်သားနှစ်ဦးနှင့် ရဲဘော်နှစ်ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း ကနီမြို့နယ် ထောက်ကြံ့ကုန်းရွာအနီးကို စစ်ကောင်စီတပ်က ၂၀၂၅ခုနှစ် ဖေဖော်ဝါရီ (၂)ရက်နေ့ နံနက်ပိုင်းတွင် ပေါင်(၅၀၀)ဗုံးကြဲချ၍ အရပ်သားနှစ်ဦးနှင့် ရဲဘော်နှစ်ဦး သေဆုံးသည်ဟု ဒေသခံများထံမှ သိရသည်။

အိမ်ခြေ (၂၀၀)ဝန်းကျင်ရှိသည့် ချင်းတွင်းမြစ် အရှေ့ဘက်ကမ်း ထောက်ကြံ့ကုန်းရွာအနီးကို စစ်ကောင်စီတပ်က ပေါင် (၅၀၀)ဗုံးသီး ကြဲချခြင်းဖြစ်ပြီး အရပ်သားနှစ်ဦးနှင့် တော်လှန်ရေးရဲဘော်နှစ်ဦး သေဆုံးကာ အရပ်သား(၇)ဦး ဒဏ်ရာရသည်ဟု ဆိုသည်။

“နံနက် ၄ နာရီကျော်လောက်မှာ စကစ ဘက်က ပေါင် (၅၀၀) ဗုံးချတာ (၄) ဦး သေဆုံးတယ်။ (၇) ဦး ဒဏ်ရာရတယ်။” ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

စစ်ကောင်စီတပ်၏ ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် ရွာအနီးရှိ နေအိမ်တစ်လုံး ပျက်စီးပြီး အသေးစိတ်အချက်အလက်ကိုမူ သက်ဆိုင်ရာ တော်လှန်ရေးတပ်ဖွဲ့ဘက်က ထုတ်ဖော်ပြောဆိုခြင်းမရှိသေးပါ။

“နေအိမ်ကတော့ ကျွန်တော်တို့ တောထဲအိမ် သုံးလုံးထဲကမှ တစ်လုံး ပျက်စီးပါတယ်။ တခြားအခြေနေကတော့ ပျက်စီးတဲ့အိမ် မီးလောင်တာပဲရှိတယ်ဗျ။ ရွာထဲမဟုတ်ဘူးဗျ ရွာအပြင်ဘက် တောထဲနေတဲ့ တဲလေးတွေဗျ။”ဟု ဒေသတော်လှန်ရေးတပ်ဖွဲ့တစ်ခုမှ တာဝန်ရှိသူတစ်ဦးက Tachileik News Agency ကိုပြောသည်။

၂၀၂၅ခုနှစ် ဇန်နဝါရီလ (၃၁)ရက်နေ့နှင့် ဖေဖော်ဝါရီလ (၁)ရက်နေ့တို့တွင်လည်း စစ်ကောင်စီတပ်သည် စစ်ကိုင်းတိုင်း ကလေးမြို့ တင်သားရွာနှင့် ကုက္ကိုရွာတို့ကို ပေါင်(၅၀၀)ဗုံး ကြဲချတိုက်ခိုက်ရာ ဒေသခံ ကလေးနှင့် လူကြီး စုစုပေါင်း (၉)ဦး သေဆုံးခဲ့ပြီး (၂၀)ဦးကျော် ဒဏ်ရာရရှိခဲ့သည်။

ဇန်နဝါရီလ (၃၁)ရက်နေ့တွင် တင်သားကျေးရွာကို ဂျက်ဖိုက်တာတစ်စီးဖြင့် ဗုံးကြဲပစ်ခတ်ပြီးနောက် ကုက္ကိုကျေးရွာရှိ စစ်ဘေးရှောင်ပြည်သူများရှိရာ စာသင်ကျောင်းကို ဂျက်ဖိုက်တာဖြင့် ပေါင်(၅၀၀)ဗုံးတစ်လုံးနှင့် မီးကျည်ဗုံးဟုယူဆရသည့် ဗုံး တစ်လုံး ကြဲချတိုက်ခိုက်သွားခြင်းဖြစ်သည်။ 

ထို့နောက် ဖေဖော်ဝါရီလ (၁)ရက်နေ့တွင် ထပ်မံဗုံးကြဲတိုက်ခိုက်သဖြင့် ဘုန်းကြီးကျောင်းနှင့် လူနေအိမ်တစ်လုံးပျက်စီးပြီး ဒေသခံအမျိုးသားနှစ်ဦး ဒဏ်ရာရသဖြင့် ဒေသခံတချို့ တိမ်းရှောင်နေကြရသည်ဟု သိရသည်။

#TachileikNewsAgency

#TNA_MAT

Photo:Internet(ပုံဟောင်း)