PDF များအား မျိုးဖြုတ်ပစ်မည်ဟု ကြွေးကြော်ထားသည့် အုတ်ဖိုမြို့နယ်မှ စစ်မှုထမ်းဟောင်း ပျူစောထီး တင်နိုင်ထွန်း ဆိုသူသည် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရသည်။
ပဲခူးတိုင်း သာယာဝတီခရိုင် အုတ်ဖိုမြို့နယ် သဖန်းပင်ဆိပ်ကျေးရွာတွင် နေထိုင်သည့် စစ်မှုထမ်းဟောင်း ပျူစောထီး တင်နိုင်ထွန်း ဆိုသူအား ၂၀၂၅ခုနှစ် ဇန်နဝါရီလ ( ၂၈ ) ရက်နေ့ နေ့လည် ( ၁ ) နာရီတွင် အုတ်ဖိုတာဆုံနှင့် သဖန်းပင်ဆိပ်ရွာကြားရှိ ကားလမ်းပေါ်၌ ဆိုင်ကယ်စီး၍ ပြန်လာချိန်တွင် မြေအောက်ပြောက်ကျားတပ်ဖွဲ့- အုတ်ဖိုက ပစ်ခတ်ခဲ့ရာ နေရာတွင် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သေဆုံးသွားသည့် တင်နိုင်ထွန်းထံမှ လက်ပစ်ဗုံး ( ၁ ) လုံး နှင့် လက်ကိုင်ဖုန်း (၁)လုံး အပါအဝင် ဆိုင်ကယ်တစ်စီး သိမ်းဆည်းရမိခဲ့ကြောင်း မြေအောက်ပြောက်ကျားတပ်ဖွဲ့- အုတ်ဖိုက ဆိုသည်။
ပျူစောထီးတင်နိုင်ထွန်းသည် စစ်ကောင်စီကို တော်လှန်နေသည့်PDF များ မျိုးဖြုတ်ပစ်မည်ဟု ကြွေးကြော်ထားသည့် စစ်ကောင်စီထောက်တိုင် အမာခံတဦးဖြစ်ကာ တော်လှန်ရေးတပ်ဖွဲ့များနှင့် PDF တပ်ဖွဲ့ဝင်များ၏ အချက်အလက်များအား စစ်ကောင်စီထံ ထောက်လှမ်းသတင်းပို့ခြင်း ၊ လူငယ်များအား ပေါ်တာဆွဲရန် စစ်ကောင်စီထံ သတင်းပေး ဖမ်းဆီးခိုင်းခြင်းနှင့် ပြည်သူများအား စစ်ကောင်စီထံ မမှန်မကန် သတင်းပေးကာ ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ရန် လုပ်ဆောင်ခိုင်းနေသည့်အတွက် အရေးယူရခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဆက်လက်၍လည်း ပြည်သူများနှင့် တော်လှန်ရေးတပ်ဖွဲ့များကို ဒုက္ခပေးနေကြသည့် စစ်ကောင်စီနှင့် စစ်ကောင်စီထောက်တိုင်များအား တိုက်ခိုက်သွားမည်ဖြစ်သဖြင့် ပြည်သူများအနေဖြင့် ၎င်းတို့အနီး သွားလာနေထိုင်ခြင်းများ မပြုလုပ်ကြရန် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ( ၄ ) မြေအောက်ပြောက်ကျားတပ်ဖွဲ့- အုတ်ဖိုက တိုက်တွန်းအသိပေးထားသည်။