ရှမ်းပြည်နယ်မြောက်ပိုင်းဒေသအတွင်း ကျောက်မဲမြို့ပေါ် လူစည်ကားရာနေရာများကို စစ်ကောင်စီတပ်က ရည်ရွယ်ချက်ရှိရှိ လေကြောင်းဖြင့် (၂)ကြိမ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် (၅)ဦး သေဆုံးခဲ့ရသည့်အပြင် ထိခိုက်ဒဏ်ရာရရှိသူများပြားခဲ့သည့် ဖြစ်စဉ်နှင့် ပတ်သက်ပြီး လူအခွင့်အရေးကိုချိုးဖောက်သည့် စစ်ကောင်စီအား ရှမ်းလူငယ်အရပ်ဖက်အဖွဲ့အစည်းများက ပြင်းထန်စွာ ဆန့်ကျင် ရှုံ့ချကြောင်း ကြေညာချက်ကို ၂၀၂၅ခုနှစ် ဇန်နဝါရီလ(၂၇)ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်လာသည်။
စစ်ကောင်စီသည် လေကြောင်း နှင့် လက်နက်ကြီးများဖြင့် အရပ်သားပြည်သူများ နေထိုင်ရာ ဒေသများကို ပစ်မှတ်ထားပြီး ဗုံးကြဲ ပစ်ခတ် တိုက်ခိုက်မှုများ ပြုလုပ်ခြင်းဖြင့် လူ့အခွင့်အရေးကို ယနေ့တိုင် ချိုးဖောက်လျှက်ရှိကြောင်း ဆိုထားသည်။
တော်လှန်ရေးအဖွဲ့အစည်းများအနေဖြင့်လည်း လက်ရှိအချိန်ကာလတွင် ပြည်သူလူထုအပေါ် မျက်နှာမူပြီး လူထုအကြားတွင် ရောနှောနေထိုင်ခြင်းများ မပြုလုပ်ကြရန် အလေးအနက်ထား ပန်ကြားအပ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ရှမ်းပြည်နယ်အတွင်းရှိ ရှမ်းနိုင်ငံရေးအဖွဲ့အစည်းများနှင့် နိုင်ငံရေးပါတီများ အပါအဝင် ရှမ်းတိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များအနေဖြင့်လည်း အရပ်သား ပြည်သူများ၏ အသက်ဘေးအန္တရာယ် လုံခြုံရေးအတွက် တတ်နိုင်သမျှ ပါဝင်ကူညီစောင့်ရှောက်ပေးရန်လည်း ထုတ်ပြန်ချက်တွင် တောင်းဆိုထားသည်။
စစ်ကောင်စီတပ်သည် လေကြောင်းကို အသုံးပြုပြီး ကျောက်မဲမြို့ပေါ် လူစည်ကားရာနေရာများတွင် ဇန်နဝါရီလ(၂၅)ရက်နေ့ နှင့် ဇန်နဝါရီလ(၂၇)ရက်နေ့တို့တွင် အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ရပ်သား စုစုပေါင်း (၅)ဦး သေဆုံးပြီး CDM ကျန်းမာရေးဝန်ထမ်း နှင့် အရပ်သားပြည်သူများစွာ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ယခုထုတ်ပြန်ချက်ကို မြန်မာနိုင်ငံလုံးဆိုင်ရာရှမ်းလူငယ်ကွန်ရက်(Tai Youth Network)၊ SL&CC - Universities of Yangon၊ သျှမ်းကျောင်းသားများသမဂ္ဂ(Tai Students' Union)၊ သျှမ်းပြည်နယ်တောင်သူလယ်သမားများကွန်ရက် (Shan State Farmers Network )၊ ကမ္ဘာ့သျှမ်းလူမျိုးများကွန်ရက်(Global Shan Network)၊ သျှမ်းအမျိုးသားကွန်ရက် - ထိုင်းနိုင်ငံ ( Tai National Community - Thailand )၊ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်(Shan Human Rights Foundation (SHRF) ) နှင့် Hsai Leng Mai စသည့် ရှမ်းလူငယ်အရပ်ဖက်အဖွဲ့အစည်းများက စုပေါင်းက ထုတ်ပြန်ခဲ့ကြခြင်း ဖြစ်သည်။