မကွေးတိုင်း ပခုက္ကူခရိုင် မြိုင်မြို့နယ်အုပ်ချုပ်ရေးမှူးရုံး နှင့် လင်းကတော ရဲစခန်းမှ ထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား တော်လှန်ရေးတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ရာ သေနတ် ( ၃ ) လက်နှင့် ခဲယမ်းတချို့ သိမ်းဆည်းရမိကြောင်း မြိုင်-ပကဖ ထံမှ သိရသည်။
မြိုင်မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ မန္တလေးဂိတ်ဖက်သို့ ထွက်လာသည့် စစ်ကောင်စီတပ်သား ( ၂ ) ဦးအား ယနေ့ ၂၀၂၅ခုနှစ် ဇန်နဝါရီလ ( ၂၈ ) ရက်နေ့ နံနက် ( ၁၁ ) နာရီခန့်တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ သတင်းအရ သွားရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား ( ၁ ) ဦး သေဆုံးပြီး ( ၁ ) ဦး ထိခိုက်ဒဏ်ရာရရှိကာ MA ( 1 ) သေနတ် ( ၁ ) လက်နှင့် ၎င်းကျည် ( ၁၇ ) တောင့်ကို သိမ်းဆည်းရမိခဲ့သည်ဟု မြိုင် ပကဖ က ဆိုသည်။
ထို့အပြင် ယနေ့ ဇန်နဝါရီလ ( ၂၈ ) ရက်နေ့ မနက်ပိုင်းတွင် မြိုင်မြို့နယ် လင်းကတော ရဲစခန်းအတွင်းမှ စစ်ကောင်စီတပ်သားများသည် လင်းကတောကျေးရွာအတွင်း မိုင်းထောင်၍ ၊ ပြည်သူများ၏ အစားအသောက်များကို ခိုးယူနေစဉ် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ ၀င်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် အနည်းဆုံး ( ၃ ) ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကာ ၎င်းတို့ ကိုင်ဆောင်သည့် BA 63 သေနတ် ( ၂ ) လက် သိမ်းဆည်းရရှိခဲ့သည်ဟု မြိုင် ပကဖ က ဆိုသည်။
အဆိုပါ တိုက်ခိုက်မှုများအား မြိုင် ပကဖ ၊ ကိုလင်းမြွေ တပ်ဖွဲ့ ၊ ကိုဆံရှည် တပ်ဖွဲ့ ၊ ပကဖ အမှတ် ( ၁ ) တပ်ရင်း ၊ ဆားလင်းကြီး SSTF တပ်ဖွဲ့ ၊ မြိုင် ပကဖ - မြောက်ပိုင်းဇုန်တပ်ဖွဲ့တို့အတူ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#TachileikNewsAgency
Photo: မြိုင် ပကဖ