JICM အစည်းအဝေး တက်ရောက်ရန်အတွက် RCSS ဥက္ကဌနှင့်အဖွဲ့ သီးသန့်လေယာဉ်ဖြင့် တာချီလိတ်မှ နေပြည်တော်သို့ သွားရောက်

JICM အစည်းအဝေး တက်ရောက်ရန်အတွက် RCSS ဥက္ကဌနှင့်အဖွဲ့ သီးသန့်လေယာဉ်ဖြင့် တာချီလိတ်မှ နေပြည်တော်သို့ သွားရောက်
ဇန်နဝါရီ 6, 2020
By Tachileik News Agency
 JICM အစည်းအဝေး တက်ရောက်ရန်အတွက် RCSS ဥက္ကဌနှင့်အဖွဲ့ သီးသန့်လေယာဉ်ဖြင့် တာချီလိတ်မှ နေပြည်တော်သို့ သွားရောက်

(၈) ကြိမ်မြောက်ကျင်းပမည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည် ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး တက်ရောက်မည့် RCSS/SSA ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ် အပါအဝင် (၁၁) ဦး အဖွဲ့သည် ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၆) ရက်နေ့တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့မှ   သီးသန့်လေယာဉ်ဖြင့် ထွက်ခွာသွားပြီး နေပြည်တော်သို့ ညနေ (၃)နာရီခွဲအချိန်တွင် ရောက်ရှိနေပြီဖြစ်သည်။

"NCA စာချုပ်သဘောတူညီချက်အရ ထိပ်တိုက်တွေ့ဆုံမှုတွေ ရှိလာပြီဆိုရင် ထိပ်သီးခေါင်းဆောင်တွေ တွေ့ဆုံ ဆွေးနွေးပြီးတော့ ကျော်လွှားနိုင်အောင် တွေ့ဆုံရတာပေါ့။ တစ်ဖက်ကလည်း JICM အစည်းအဝေးက တစ်နှစ်ကျော် နှစ်နှစ်လောက် မကျင်းပနိုင်သေးဘူး။ ဒါကြောင့် ဒီအစည်းအဝေးကို ပြန်လည်ဖြစ်မြောက်အောင် ကြိုးစားကြခြင်း ဖြစ်ပါတယ်"

ဟု RCSS/SSA မှ ဒုတိယဗိုလ်မှူးကြီး စိုင်းမိဏ်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ထိုင်းနိုင်ငံ၊ မယ်ဆိုင်ဘက်မှလာသည့် RCSS/SSA (ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော်)၏ ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ်ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၀ ခုနှစ် ဇန်နဝါရီလ (၆) ရက်နေ့ နေ့လယ် (၁၂)နာရီ (၂၅)မိနစ်တွင် တာချီလိတ်လေဆိပ်သို့ ရောက်ရှိပြီး နေ့လယ် (၁)နာရီ (၁၄)မိနစ်တွင် မြန်မာ့လေကြောင်းလိုင်း၏ သီးသန့်လေယာဉ်ဖြင့် ကျိုင်းတုံမြို့မှတစ်ဆင့် နေပြည်တော်သို့ ထွက်ခွာသွားခဲ့ခြင်းဖြစ်သည်။

တာချီလိတ်လေဆိပ်တွင် ရောက်ရှိနေစဉ်အတွင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံနှင့် အလွတ်သဘော ခေတ္တတွေ့ဆုံနှုတ်ဆက်ခဲ့သည်ကို တွေ့ရသည်။

နေပြည်တော်တွင် (၈) ကြိမ်မြောက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည် ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) ကျင်းပနိုင်ရေးအတွက် အစိုးရနှင့် NCA လက်မှတ် ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (NCA-S EAOs) တို့ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၂၂)ရက်နေ့ နံနက် (၁၀) နာရီက ရန်ကုန်မြို့၊ ရွှေလီလမ်းရှိ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ၌ အကြိုညှိနှိုင်းအစည်းအဝေးအတွင်း သဘောတူညီမှုရခဲ့ကြခြင်းဖြစ်သည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓါတ်ပုံ -  ကျော်ဇင်ဟိန်း

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~