မြန်မာစာပေပညာရှင် ဆရာကြီး မောင်ခင်မင်(ဓနုဖြူ) ကွယ်လွန်

မြန်မာစာပေပညာရှင် ဆရာကြီး မောင်ခင်မင်(ဓနုဖြူ) ကွယ်လွန်

 မြန်မာစာပေပညာရှင် ဆရာကြီးမောင်ခင်မင်(ဓနုဖြူ)သည် ရန်ကုန်ဆေးရုံကြီး၌ ယနေ့ ၂၀၂၅ခုနှစ် ဇန်နဝါရီလ(၂၈)ရက်နေ့အကူး (၀၀း၃၀)နာရီအချိန်က ကွယ်လွန်သွားကြောင်း သိရသည်။

 အမည်အရင်း ဦးခင်အေး ဖြစ်သည့် ဆရာကြီးမောင်ခင်မင်(ဓနုဖြူ)ကို ဓနုဖြူမြို့တွင် ၁၉၄၂ခုနှစ် ဇန်နဝါရီလ(၂)ရက်နေ့က မွေးဖွားခဲ့ခြင်းဖြစ်ရာ ၎င်းကွယ်လွန်ချိန်တွင် အသက်(၈၃)နှစ်ပြည့်ပြီး ဖြစ်ကြောင်း သိရသည်။ 

 ဆရာကြီးမောင်ခင်မင်(ဓနုဖြူ)သည် ၁၉၆၃ခုနှစ်တွင် ပုသိမ်ကောလိပ်၏ မြန်မာစာဌာနတွင် နည်းပြအဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့ပြီး ထိုမှတဆင့် ရန်ကုန် ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်၊ ဒဂုံတက္ကသိုလ်၊ ပြည်ဒီဂရီကောလိပ် နှင့် ရန်ကုန်တက္ကသိုလ် အသီးသီးတို့တွင် လက်ထောက်ကထိက၊ ကထိက၊ တွဲဖက်ပါမောက္ခ၊ ပါမောက္ခအဆင့်များအထိ တာဝန်ထမ်းဆောင်ခဲ့သလို ဂျပန်နိုင်ငံ အိုဆာကာနိုင်ငံခြားဘာသာသင်တက္ကသိုလ်တွင်လည်း မြန်မာစာဧည့်ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်ခဲ့သေးသည်။

စာပေလောကထဲကို  ၁၉၇၉ခုနှစ်က စတင် ဝင်ရောက်လာရာ ၎င်း၏ ပထမဆုံး ရေးသားထုတ်ဝေသည့် စာအုပ်မှာ စကားပြေသဘောတရား၊ စကားပြေအတတ်ပညာ စာအုပ် ဖြစ်သည်။

၎င်းသည် မြန်မာဘာသာ စာစကား ရေးထုံး အပြော အဖတ်နှင့် စကားပြေရေးသားနှင့် စသည့် မြန်မာစာ မြန်မာစကားအကြောင်းအရာများကို အဓိက ထားကာ စာအုပ်အမြောက်အများ ရေးသားပြုစု ထုတ်ဝေခဲ့သူဖြစ်ပြီး ၂၀၀၂ခုနှစ် အောက်တိုဘာလ(၁၉)ရက်နေ့တွင် ဂုဏ်ထူးဆောင် စာပေပါရဂူဘွဲ့ကို ရရှိခဲ့သည်။

 ဆရာကြီးမောင်ခင်မင်(ဓနုဖြူ)သည် မြန်မာစာ မြန်မာစကားနှင့် ပတ်သက်၍ စာအုပ်များကို ရေးသားထုတ်ဝေခဲ့သလို မြန်မာစာ မြန်မာစကားကို အလေးထား သိရှိနိုင်ရန်အတွက် ၎င်း မကွယ်လွန်မီအချိန်အထိ နိုင်ငံပိုင် သတင်းစာ နှင့် ဂျာနယ်များတွင် အပတ်စဉ် နှင့် နေ့စဉ် နီးပါး ရေးသားပေးနေသူလည်း ဖြစ်သည်။