စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်းအဖြစ် အဓမ္မစုဆောင်းခံခဲ့ရသည့် တပ်စိပ်မှူး အပါအဝင် တပ်သား (၇) ဦး လက်နက်ခဲယမ်းများ ယူဆောင်လာပြီး ဘက်ပြောင်းခိုလှုံလာကြောင်း နေပြည်တော်-ပြည်သူ့ကာကွယ်ရေးအဖွဲ့ ( ပကဖ )က ၂၀၂၅ခုနှစ် ဇန်နဝါရီလ(၂၆)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။
ပြည်သူ့စစ်မှုထမ်းအဖြစ် အဓမ္မစုဆောင်းခံခဲ့ရသည့် တပ်စိပ်မှူးအပါအဝင် တပ်သား (၇) ဦးသည် ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ရှေ့တန်းစခန်းမှတဆင့် နေပြည်တော်-ပြည်သူ့ကာကွယ်ရေးအဖွဲ့ ( ပကဖ ) ထံ ဘက်ပြောင်းခိုလှုံခြင်းဖြစ်ကြောင်း သိရသည်။
ဘက်ပြောင်းခိုလှုံခဲ့သည့် တပ်သားများသည် ၎င်းတို့နှင့်အတူ MA-3(၂)လက်၊ MA-1(၄)လက်၊ ကျည် (၅၉၃)တောင့်နှင့် ကျည်ဘောက်(၁၃)ဘောက်တို့ကို ယူဆောင်လာသည်ဟု ဆိုသည်။
ဘက်ပြောင်းခှိုလှုံလာသည့် တပ်သားများအား ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားကြောင်း နေပြည်တော်-ပကဖ အသိပေးသည်။
စစ်ကောင်စီ၏ လက်အောက်တွင် ဆက်လက်အမှုထမ်းနေသော တပ်သားများအနေဖြင့် အာဏာရှင်တစု၏ အကျိုးအတွက်ဆောင်ရွက်နေခြင်းအား အမြန်ဆုံးစွန့်လွှတ်၍၊ ပြည်သူ့နှင့် ပူးပေါင်းနိုင်ရန် နေပြည်တော်-ပြည်သူ့ကာကွယ်ရေးအဖွဲ့ ( ပကဖ ) က အသိပေးတိုက်တွန်းထားသည်။
စစ်တပ်အာဏာသိမ်းပြီးချိန် ၂၀၂၁ ခုနှစ်ကစတင်ပြီး ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအထိ လေးနှစ်နီးပါး ကာလအတွင်း စစ်သား ( ၃၈၇၂ ) ဦးနှင့် ရဲတပ်ဖွဲ့ဝင် ( ၁၀၈၈၈ ) ဦး စုစုပေါင်း တစ်သောင်းခွဲခန့် ( ၁၄၇၆၀ ) ဦး CDM ပြုလုပ် အလင်းဝင်ရောက်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသည်။
#TachileikNewsAgency
Photo: ပြည်သူ့ကာကွယ်ရေး အဖွဲ့ - နေပြည်တော်