နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးအတွက် အရေးပေါ် အခြေအနေပေါ်ပေါက်၍ တစ်နိုင်ငံလုံးတွင် အရွယ်ရောက်သူအားလုံးနှင့် Non CDM ဝန်ထမ်းများပါ စစ်မှုထမ်းရန်အမိန့်ကို စစ်ကောင်စီက ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၂၃)ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သည်။
စစ်ကောင်စီ၏ ထုတ်ပြန်လိုက်သော ပြည်သူ့စစ်မှုထမ်း နည်းဥပဒေ အခန်း (၉)၊ စစ်စည်းရုံးခြင်း ပုဒ်မ (၄၉)တွင် နိုင်ငံတော်၏ ဒေသတချို့တွင်လည်းကောင်း၊ နိုင်ငံတော်တစ်ဝန်းလုံးတွင် လည်းကောင်း၊ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးအတွက် အရေးပေါ် အခြေအနေ ပေါ်ပေါက်၍ ပြည်ထောင်စုအစိုးရက စစ်မှုထမ်းရန် အရွယ်ရောက်သူအားလုံးကိုဖြစ်စေ၊ အချို့ကိုဖြစ်စေ ပြည်သူ့စစ်မှုထမ်း တာဝန်ထမ်းဆောင် ပြီးသူအားလုံးကို ဖြစ်စေ၊ အချို့ကိုဖြစ်စေ သင့်လျှော်သည့်ဒေသတွင် စစ်စည်းရုံးခြင်းအမိန့် ထုတ်ဆင့်သည့်အခါ ဗဟိုအဖွဲ့သည် သက်ဆိုင်ရာ ပြည်သူ့ စစ်မှုထမ်း ဆင့်ခေါ်ရေး အဖွဲ့အဆင့်ဆင့် ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကို သတ်မှတ်ပေးရမည်ဟု ပြဋ္ဌာန်းထားသည်။
ထို့အပြင် စစ်မှုထမ်းရန် ဆင့်ခေါ်ခံရသည့် Non-CDM ဝန်ထမ်းများသည် စစ်ဘက်နှင့် အရပ်ဘက် နှစ်နေရာလုံးတွင် အမည်စာရင်းပေါက်မည်ဖြစ်ပြီး မူလရရှိသည့်ဝန်ထမ်းလစာနှင့် တပ်သားသစ်အဖြစ်ရရှိမည့်လစာနှစ်ခုထဲမှ နှစ်သက်ရာတစ်ခုကိုလက်ခံရမည်ဟု ပြဌာန်းထားသည်။
Non-CDM ဝန်ထမ်းများသည် ရာထူးတိုးစာမေးပွဲဖြေရန်ရှိလာပါက လူတွေ့နှင့်ရေးဖြေ နှစ်ခုလုံးအတွက် ဖြေဆိုစရာမလိုဘဲ ကင်းလွတ်ခွင့်ရမည်ဟုလည်း ဆိုသည်။
စစ်မှုထမ်းသတ်မှတ်ကာလပြည့်ပါက အရပ်ဘက်သို့မပြန်ဘဲ အမြဲတမ်းစစ်သားအဖြစ် ဆက်လက်လျှောက်ထားသည်ဟုလည်း ဆိုသည်။
စစ်ကောင်စီက ဆရာဝန်၊ အင်ဂျင်နီယာ၊ စက်မှုလက်မှုပညာတတ်မြောက်သူ သို့မဟုတ် အခြားအတတ်ပညာတစ်ရပ်ရပ်ဖြင့် အသက်မွေးဝမ်း ကျောင်းနေသူများဖြစ်ပါက စစ်မှုထမ်းရမည့် အသက်အပိုင်းအခြားကို အမျိုးသားဖြစ်ပါက အသက်(၁၈)နှစ်မှ (၄၅)နှစ်၊ အမျိုးသမီးဖြစ်ပါက အသက်(၁၈)နှစ်မှ (၃၅)နှစ်ဟု သတ်မှတ်ထားသည်။
အရေးပေါ်အခြေအနေဟု သတ်မှတ်ပါက စစ်မှုထမ်းကာလကို (၅)နှစ်အထိ သက်တမ်းတိုးနိုင်သည်ဟုလည်း ထည့်သွင်းပြဌာန်းထားသည်။
ထို့အပြင် ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီး၊ ရခိုင်နိုင်ငံရေးသမား ဒေါက်တာအေးမောင်နှင့် ကြံ့ခိုင်ရေးပါတီအပါအဝင် နိုင်ငံရေးပါတီခေါင်းဆောင်များက စစ်မှုထမ်းအရေအတွက် တိုးမြှင့်ခေါ်ယူရန် စစ်ကောင်စီထံ တောင်းဆိုသည်ဟု စစ်ကောင်စီက ယမန်နေ့ ဇန်နဝါရီလ (၂၄)ရက်နေ့တွင် ထုတ်ပြန်သည်။
ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်ဦးဆောင်သည့် စစ်ကောင်စီ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် ပါတီများ နေပြည်တော်တွင် ဆွေးနွေးစဉ် ၎င်းတို့က ယင်းသို့တောင်းဆိုခြင်းဖြစ်သည်ဟု ဆိုသည်။
လက်ရှိတွင် စစ်မှုထမ်း အပတ်စဥ် (၉)အထိ ရောက်လာပြီဖြစ်ပြီး အပတ်စဥ်တစ်ခုလျှင် လူဦးရေ(၄၀၀၀)ကျော် ခေါ်ယူထားခြင်းဖြစ်သည်။
#TachileikNewsAgency
#TNA_MAT
Photo:စစ်ကောင်စီဖွင့်လှစ်သည့် စစ်သင်တန်းတွင် တပ်သားသစ်များကို အသုံးအဆောင်များ ပေးအပ်နေစဥ်(ပုံဟောင်း)